.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် COVID-19 ကော်မတီများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဦးစီးရုံး ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
တွေ့ဆုံပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအဲလီရှဲမှ မဲဆန္ဒရှင် စာရင်းများ၊ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်သူမှ COVID-19 ကူးစက်မြန် ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစ စ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဟိုပန်မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများအား လည်းကောင်း၊ ဗမာတိုင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်းရှိ ဘိုး/ဘွား ၆၂ ဦးအတွက် ထောက်ပံ့ငွေများအား လည်းကောင်း ပေးအပ်ခဲ့ပြီးနောက် သံလွင်မြစ်ကူး ကွမ်းလုံတံတားနှင့် ကွမ်းလုံမြို့ရှောင်လမ်း ဖောက်လုပ် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် တံတား စတင် တည်ဆောက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ် COVID-19 ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီနှင့် ကျန်းမာရေးသုံးပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
.