မောင်မောင်သန်း
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် သီပေါမြို့နယ်၊ ကွမ်းလုံမြို့နယ်နှင့် သိန္နီမြို့နယ် COVID-19 ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအား စက်တင်ဘာ ၂၁ ရက်၊ ညနေပိုင်းနှင့် ၂၂ ရက်၊ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲများတွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် ကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ ၊ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်မှု အခြေအနေ၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် စစ်ဆေးမှု အခြေအနေများအား လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့သည်။
.
ယင်းနောက် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သည့် Mask ၂၅၀၀ ခုစီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.