ရွေးကောက်ပွဲတွင် ဝန်ထမ်းကတ်ဖြင့် ဆန္ဒမဲပေးခွင့် ရရှိနိုင်ရန် စီစဉ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, September 13, 2020

ရွေးကောက်ပွဲတွင် ဝန်ထမ်းကတ်ဖြင့် ဆန္ဒမဲပေးခွင့် ရရှိနိုင်ရန် စီစဉ်ထား

စုလှိုင်

.

ရှမ်းပြည်နယ်အတွင်းရှိ မဲပေးပိုင်ခွင့် ရှိသူများအနက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ရည်ရွယ်၍ ဝန်ထမ်းကတ်ဖြင့် မဲပေးခွင့် ရရှိစေရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

.


 

မဲ ပေးပိုင်ခွင့် ရှိတဲ့သူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးရလေအောင် မှတ်ပုံတင် မရှိပေမဲ့ ဝန်ထမ်းကတ် တစ်မျိုးမျိုး ဥပမာ အရန်မီးသတ်ကတ် ၊ ကြက်ခြေနီကတ် ၊ ပရဟိတကတ်တို့ သက်ဆိုင်ရာ ဝန်ထမ်း သက်ဆိုင်ရာဌာနကနေ ထုတ်ပေးထားတဲ့ ဝန်ထမ်းကတ်တွေ ကျောင်းသားမှတ်ပုံတင်ကတ်တွေ ဒီလိုကတ် အမျိုးမျိုးနဲ့ ပြပြီးမှလည်း မဲပေးဖို့အတွက် ခွင့်ပြုဖို့ စီစဉ်ထားတာ ရှိပါတယ်ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ် အတွင်းရှိ မဲဆန္ဒ ရှင်စာရင်းများကို မြို့နယ်အလိုက် စိစစ်ရေး အဖွဲ့များ ဖွဲ့စည်း၍ စာရင်း ကောက်ယူပြီးနောက် ပထမအကြိမ် မဲစာရင်း ကြေညာချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် စာရင်း ကျန်ရစ်ခဲ့သူများကိုလည်း ဒုတိယအကြိမ် စာရင်း ကောက်ယူရာတွင် ထပ်မံ ထည့်သွင်း ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းထံက သိရသည်။

.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ  ၂၅ ရက်မှ သြဂုတ်လ ၇ ရက်အထိ ၁၄ ရက်ကြာ ကပ်ထား ကြေညာခဲ့ပြီး မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန် ပိုမို ရရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းကို သြဂုတ် လ ၈ ရက်မှ ၁၄ ရက်အထိ ၇ ရက် ထပ်မံ တိုးမြှင့် ကပ်ထား ကြေညာခဲ့သည်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  အထွေထွေ ရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များ စိစစ် နိုင်ရန်အတွက် မဲစာရင်းများကို စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံ ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

အောက်တိုဘာလတွင် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ထပ်မံ ကပ်ပေးရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ အတည်ပြု ထုတ်ပြန်ထားသော်လည်း မဲစာရင်းများကို စောလျင်စွာနှင့် အမြန်ဆုံး စိစစ်နိုင်ရေး အတွက် ယခုကဲ့သို့  တစ်လစော ဆောင်ရွက်ရခြင်းဖြစ်ကာ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၃၅ သိန်းခန့် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About