မင်းမင်း
.
တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် တစ်ပတ်ရစ် မော်တော်ဆိုင်ကယ်
အရောင်းဆိုင်များတွင် COVID-19 ကာလအတွင်း ဆိုင်ကယ် လာရောက်ဝယ်ယူသူထက်
ရောင်းချသူ ပိုမိုများပြားနေသည်ဟု သိရသည်။
.
.
“COVID-19
ဒုတိယလှိုင်းကာလမှာ ပိုသိလာတယ်။ တစ်ပတ်ရစ်အရောင်းဆိုင်တွေမှာ ဆိုင်ကယ်လာဝယ်သူထက်
ရောင်းတဲ့သူက ပိုများလာတယ်။ အခုလိုကမ္ဘာအနှံ့ ကူးစက်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတိုင်းကစီးပွားရေးအလုပ်ကိုင်
အဆင်မပြေလို့ ငွေလိုသူတွေချည်းပဲ။ အဲဒီတော့ သူတို့ရှိတဲ့ဆိုင်ကယ်တွေကို အရောင်းဆိုင်တွေမှာ
လိုက်ရောင်းတဲ့ သူက ပိုများလာပြီး အဝယ်သမားတွေ သိသိသာသာလျော့သွားတယ်။ ကျွန်တော့်ဆိုင်မှာတော့
တင်ဖို့ တစ်ပတ်ရစ် ဆိုင်ကယ်ဝယ်တာကို ဦးစားမပေးဘဲနဲ့ ဆိုင်မှာတင်ထားတဲ့ ဆိုင်ကယ်တွေကိုရောင်းတဲ့အပိုင်းပဲ
အဓိကထား လုပ်နေရတယ်" ဟု တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ
တိုးလှိုင် တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် အရောင်းဆိုင်မှ ကိုဝဏ္ဏက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ အနေဖြင့် ဈေးကွက်အတွင်း
တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေး အကျိုးဆောင် (ပွဲစား) များနှင့်
အပြိုင်ရောင်းချနေရ သကဲ့သို့ ယခင်ထက် တစ်ပတ်ရစ် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ
ပိုမိုများပြားလာသည့်အတွက် ရောင်းအားကျဆင်းသွားသည်ဟု သိရသည်။
.
“တောင်ကြီးမှာ COVID-19 စဖြစ်ကတည်းက ဆိုင်ကယ်တွေမကြာခဏ အခိုးခံနေရတာ။ အခု ဒုတိယလှိုင်းကာလမှာ
ဆိုင်ကယ်တွေ ပျောက်တယ်ဆိုတာပဲ ကြားနေ၊ သိနေရတယ်။ ခိုးဘီးမှန်းမသိဘဲ ဝယ်မိလို့အမှုပတ်မှာကိုလည်း
ပွဲစား တိုင်း အရောင်းဆိုင်တိုင်းက သတိထားပြီး
တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းအဝယ်လုပ်နေရလို့ ရောင်းအားက သိသိသာသာ တက်လာတာမရှိဘူး။ အဲဒီလိုအခြေနေမှာ
အခုလိုရောဂါဖြစ်ပွားမှာဒုတိယလှိုင်းနဲ့ပါဆုံလိုက်တော့ အရောင်းဆိုင်တွေပါ ရောင်းအားမရှိတဲ့အပြင်
ပွဲစားတော်တော်များများက တစ်ပတ်နေလို့ တစ်စီးမှ ပွဲမဖြစ်ဘူး။ လူတိုင်းက စီးပွားရေးကျပ်တည်းနေတော့
ကိုယ့်ရှိတဲ့ဆိုင်ကယ်ကို ပွဲစားတန်းတွေ၊ ဆိုင်တွေဆီ လိုက်ရောင်းနေတဲ့သူတွေချည်းပဲ”
ဟု တောင်ကြီးမြို့နေ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးအကျိုးဆောင် ကိုသူရိန်ကပြောကြားသည်။
.
ထို့သို့ COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု
ဒုတိယလှိုင်းကာလအတွင်း အခြေခံလူတန်းစားများမှာ စီးပွားရေးအလုပ်ကိုင်အခွင့်လမ်းများ
ပိုမိုနည်းပါးလာပြီး လူမှုစီးပွားအကြပ်တည်းများဖြစ်ပေါ်ကာ ငွေကြေး လိုအပ်ချက်များ ရှိလာသည့်အတွက်
မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသည့် မော်တော်ဆိုင်ကယ်များအား ပြန်လည်ရောင်းချနေကြခြင်းဖြစ်ကြောင်း
သိရသည်။
.
အလားတူ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ
မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီများမှ တိုက်ရိုက်တင်သွင်းရောင်းချလျက်ရှိသည့်
မော်တော်ဆိုင်ကယ် အရောင်းပြခန်းများအနေဖြင့် အတိုးနှုန်း သက်သာစွာဖြင့် အရစ်ကျရောင်းချပေးခြင်းများ
ယခင်ထက်ပိုမို ပြုလုပ်ပေးလျက်ရှိသော်လည်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလ၌ ယခင်ထက် ရောင်းအား
သိသိသာသာ ကျဆင်းလျက်ရှိကြောင်း သိရသည်။
.