ချင်းရွှေဟော်မြို့ကို ဒေသခံများ၏ တောင်းဆိုချက်အရ Lockdown ပြုလုပ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းရွှေဟော်မြို့ကို ဒေသခံများ၏ တောင်းဆိုချက်အရ Lockdown ပြုလုပ်ထား

 မင်းဇော်မင်း

.

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ကို စက်တင်ဘာ ၁၈ ရက်မှ စတင်၍ ၅ ရက်တာ Lockdown ပြုလုပ်ထားကြောင်း သိရသည်။

.


 

အဆိုပါ Lockdown အစီအစဉ်အား ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ စက်တင်ဘာလ ၁၆ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးကျောက်တယ်ချန်းထံမှ သိရသည်။

.

“ တရုတ်နိုင်ငံဘက်က စ ဖြစ်လာသလို မြန်မာနိုင်ငံမှာ ဖြစ်နေတာလည်း ၉ လကျော် ရှိလာပြီ။ ရွှေလီမှာ ရောဂါပိုး တွေ့လို့ Lockdown ချတာမျိုး ဒီဖက်မှာ ဖြစ်လာမှာ စိုးရိမ်တယ်ဆိုပြီး ဒေသခံတွေက တင်ပြလာတဲ့အတွက် ခုလို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ၁၈ ရက်ကနေ ၂၂ ရက်ထိ ၅ ရက်တည်းပါ။ ပြီးရင်တော့ ထပ်ပြီး စဉ်းစား လုပ်ဆောင်ဖို့ ရှိပါမယ်။” ဟု ဦးကျောက်တယ်ချန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ဒေသတွင်းသို့ ရောဂါပိုး ရှိသူများ ဝင်ရောက်လာမှု မရှိစေရေး၊ ရောဂါပိုး ရှိသူများနှင့် ထိတွေ့ခဲ့သူများ ရောက်ရှိလာမှု မရှိစေရေးအတွက် ယင်းကဲ့သို့ Lockdown ချမှတ်ရခြင်း ဖြစ်ကြောင်းနှင့် သတိပေးကြေညာချက်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

.

 အဆိုပါ သတိပေးကြေညာချက်တွင် ချင်းရွှေဟော်အဝင် သံတံတား စစ်ဆေးရေးဂိတ်အား ဆက်လက် ထားရှိမည် ဖြစ်ပြီး လိုအပ်ချက်အရ လောက်ကိုင်- ချင်းရွှေဟော်လမ်း မိုင်တိုင်(၉/၄) အနီးရှိ မာလီရှုးဝါးကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ် တစ်ခု ထပ်မံ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ဒေသအတွင်း နေထိုင်သူ အားလုံးအနေဖြင့် ချင်းရွှေဟော်မြို့သို့ သွားရောက်ပြီး ပြန်လာမည်ဆိုပါက ယင်းဂိတ်တွင် သတင်းပို့ပြီး ဖြတ်ပိုင်း ယူဆောင်သွားရန်နှင့် ပြန်လာပါက ဖြတ်ပိုင်းပြမှသာ ပြန်လည် ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကာ ချင်းရွှေဟော်မြို့ကို ကျော်လွန်သွားရောက်ခွင့် မပြုကြောင်း၊ ဒေသတွင်း နေထိုင်သူများ အနေဖြင့် မိမိဆန္ဒအလျောက် လားရှိုးနှင့် အခြားမြို့များသို့ သွားရောက်မည် ဆိုပါက မာလီရှုးဝါးဂိတ်တွင် ဖြတ်ပိုင်းယူရန် မလိုဘဲ ချင်းရွှေဟော် သံတံတားဂိတ်တွင် အစစ်ဆေးခံ၍ ဖြတ်ပိုင်းရယူရန်နှင့် ထိုဖြတ်ပိုင်းပါမှသာ မာလီရှုးဝါးဂိတ်ကို ဖြတ်သန်းခွင့် ပြုမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

.

ထို့အတူ ချင်းရွှေဟော်မြို့တွင် အမှန်တစ်ကယ် နေထိုင်သူများအနေဖြင့် တရုတ်နိုင်ငံ၊ မိန်းတိန်မြို့မှ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ဖြတ်၍ လောက်ကိုင်မြို့သို့ လာရောက်မည် ဆိုပါက ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြင့်သာ ဖြတ်သန်းခွင့် ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ KTV Night Club Bar များ အားလုံး ပိတ်ထားရန်နှင့် စားသောက်ဆိုင်များ အားလုံး ပါဆယ်ဖြင့်သာ ရောင်းချရန်၊ နာရေးကိစ္စမှအပ အခြားပွဲများ မပြုလုပ်ရန်၊ နာရေးကိုလည်း ရက် အနည်းငယ်သာ ပြုလုပ်ရန်၊ မဖြစ်မနေ သွားလာသည်မှအပ အိမ်တွင်သာ နေထိုင်ကြရန်နှင့် စည်းကမ်း လိုက်နာကြရန်၊ တရားဝင် ဂိတ်များကို ရှောင်ကွင်း၍ ဝင်ရောက်လာကြောင်း စစ်ဆေး တွေ့ရှိရပါက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ ယခင်က သွားလာခွင့်ပြုထားသည့် ကုန်တင်ယာဉ်များ ဝင်ရောက်ခွင့် မပြုတော့ကြောင်းနှင့် ဒေသအခြေအနေအပေါ် မူတည်၍ ထပ်မံ၍ ဖြေလျော့ခြင်း၊ တိုးမြှင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ ဆိုင် အားလုံး ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်တို့ကိုလည်း ဖော်ပြထားသည်။

.

#KBZTai #Shan #News #MinZawMin

.

Journal Download

Photo of three cats