COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ မေးမြန်းမှုကို မှန်ကန်စွာ မဖြေခြင်းများ ရှိနေ၍ တရားစွဲဆိုသွားမည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ မေးမြန်းမှုကို မှန်ကန်စွာ မဖြေခြင်းများ ရှိနေ၍ တရားစွဲဆိုသွားမည်ဟု ဆို

စုလှိုင်

.

COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝာာဝန်ရှိသူများ၏ မေးမြန်းမှုများကို မှန်မှန် ကန်ကန် မဖြေကြားမှုများ ရှိနေသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်ပါက တရားစွဲဆိုသွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ သိရသည်။

.

.

“လောလောဆယ် ကျွန်တော်တို့ ခက်ခဲနေတာကတော့ လူနာတွေကို မေးလိုက်တဲ့အခါမှာ သေသေချာချာ မပြောဘူး။ သူတို့နဲ့ ထိစပ်ခဲ့တဲ့သူဆိုတာ သူတို့ကိုယ်တိုင်ပြောမှ သိရမှာလေ။ ပတ်ဝန်းကျင်ကို သွားမေးရင်လည်း သူတို့ပြော သလောက် မစုံနိုင်ဘူး။ လူနာတွေက အတိအကျ ပြောဖို့ လိုပါတယ်။ တချို့ လူနာတွေက သိပ်မပြောချင်ဘူး။ ပူးပေါင်းမှု အားနည်းနေတယ်။ ကလန်ကဆန် လုပ်ချင်တယ်။ တကယ်တမ်း အဲလိုလုပ်မယ်ဆိုရင်တော့ တရား စွဲသွားဖို့ ရှိပါတယ်” ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

COVID-19 ရောဂါ အတည်ပြုလူနာများ အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပြီး မိမိ၏ မိသားစုနှင့် ထိတွေ့ခဲ့သူများကိုလည်း တိကျစွာ ပြောဆိုပေးရန် လိုအပ်နေကြောင်း ၎င်းထံက သိရသည်။

.

ရှမ်းပြည်နယ်တွင် ယနေ့စက်တင်ဘာလ ၃၀ ရက်ထိ  COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၂၉ ဦး ရှိလာနေပြီ ဖြစ်ပြီး အဆိုပါ လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၄ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၄ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ၇ ဦးနှင့် တပ်မတော်မှ ၄ ဦး တို့ပါဝင်ကာ ၎င်းတို့အနက် ၁၉ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ကြောင်း သိရသည်။

.

၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ အခန်း (၆) ပုဒ်မ ၁၁ တွင် ကျန်းမာရေးအရာရှိသည် အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကာကွယ်နှိမ်နင်းနိုင်ရန်အလို့ငှာ ကူးစက်ရောဂါ ဖြစ်ပွားသူကိုဖြစ်စေ၊ အခြား လိုအပ်သော ပုဂ္ဂိုလ်များကိုဖြစ်စေ စုံစမ်းမေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မစင်၊ ဆီး၊ သလိပ်၊ သွေး နမူနာများ ရယူ၍ ဓါတ်ခွဲစစ်ဆေးစေခြင်း၊ ဆေးထိုးစမ်းသပ်စေခြင်း၊ အခြားလိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ် ဆောင်ရွက်နိုင်သည် ဟု ပြဌာန်းဖော်ပြထားသည်။

.

Journal Download

Photo of three cats