ပြည်ပနိုင်ငံများနှင့် ပြည်တွင်း၌ ရောဂါပိုးကူးစက်ပြန့်ပွားမှု များသည့် မြို့နယ်များမှ ရှမ်းပြည်နယ်သို့ လာရောက်သူ အားလုံးကို ဓါတ်ခွဲနမူနာ စစ်ဆေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ပနိုင်ငံများနှင့် ပြည်တွင်း၌ ရောဂါပိုးကူးစက်ပြန့်ပွားမှု များသည့် မြို့နယ်များမှ ရှမ်းပြည်နယ်သို့ လာရောက်သူ အားလုံးကို ဓါတ်ခွဲနမူနာ စစ်ဆေးမည်


ရှမ်းပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများနှင့် ရောဂါပိုး ကူးစက် ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ လာရောက်သူ အားလုံးသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ ၁၄ ရက် နေထိုင်ပြီး ဓါတ်ခွဲနမူနာ ၂ ကြိမ် ရယူစစ်ဆေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ .
ယင်း ဓါတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိပါက Home Quarantine ၇ ရက် နေထိုင်ရမည် ဖြစ်ပြီး၊ ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ အတည်ပြုပြီးမှသာ ဆက်လက် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်းနှင့် လိုက်နာ ဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။
.


ထို့အတူ ရှမ်းပြည်နယ်အတွင်းသို့ အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ဝင်ရောက်လာသူများသည် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များကို ယူဆောင်လာရမည် ဖြစ်ကြောင်းလည်း သိရသည်။
.
ယင်း ညွှန်ကြားချက်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ (စက်တင်ဘာလ ၆ ရက်)တွင် ပြည်သူများ သိရှိစေရန် အသိပေး ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
“ စက်တင်ဘာလ ၁ ရက်တုန်းက အစိုးရအဖွဲ့အစည်းအဝေးခန်းမမှာ ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး လုပ်တယ်။ အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြီးတော့ ခွင့်ပြုချက် ရရင် ထုတ်ပြန်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။ အစည်းအဝေး ဆုံးဖြတ်ချက်က ၁၃ ချက် ရှိပါတယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အသိပေးကြေညာချက်တွင် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်အား ဆက်လက် ထားရှိမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မိမိနေအိမ်အတွင်း နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် ကျင်းပြ ပြုလုပ်သည့် ပွဲလမ်းသဘင်၊ အခမ်းအနား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask တပ်ခြင်း၊ လက်ကို စနစ်တကျဆေးခြင်း၊ Social Distancing အား တိတိကျကျ လိုက်နာခြင်းတို့အား ဆောင်ရွက်ရန်ကြရမည် ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟု ဖော်ပြပါရှိသည်။
.
ရှမ်းပြည်နယ်သည် ပြည်ပနိုင်ငံများနှင့် ထိစပ်နေကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အကျယ်အဝန်းဆုံး ဖြစ်သည့် အပြင် သဘာဝ တောတောင်များ ရှိသဖြင့် လမ်းပန်း ဆက်သွယ် သွားလာရေး ခက်ခဲသောကြောင့် COVID-19 ကူးစက် ပျံ့နှံ့လာပါက အရေးပေါ် တုံ့ပြန် ထိန်းချုပ်ရန် ခက်ခဲသော ပြည်နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats