ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်၌ ပါရှိသည့် ဆီဆိုင်မြို့နယ်မှ COVID-19 ပိုးတွေ့ လူနာသည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ တံတားဦးရပ်ကွက်၊ နယ်မြေ (၂)မှ အသက် ၅၃ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ၎င်းသည် ရန်ကုန်မြို့မှ ပြန်လာသူ ဖြစ်ကြောင်း သိရသည်။
.
၎င်းလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ စက်တင်ဘာလ
၁ ရက်တွင် တောင်ကြီးမြို့သို့ ရှမ်းမလေး ယာဉ်လိုင်းဖြင့် စီးနင်း လိုက်ပါလာခဲ့ပြီး
၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရှမ်းမလေး ကားဂိတ်သို့ ရောက်ရှိခဲ့ပြီးနောက်
ရှမ်းမလေး ကားဂိတ်မှ ဆိုင်ကယ် (အငှားယာဉ်)ဖြင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာသို့
ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
ထုတ်ပြန်ခဲ့သည်။
.
လမ်းခရီးတွင် (၁၁၅)မိုင်ရှိ (အမည်မမှတ်မိ) စားသောက်ဆိုင်
တစ်ခု၌ ညစာ စားခဲ့ပြီး အခြား မည်သည့် နေရာမျှ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း၊ အငှား ဆိုင်ကယ်ယာဉ်မောင်း၏
အမည်နှင့် ယာဉ်နံပါတ်တို့အား မမှတ်မိကြောင်းနှင့် ၎င်းနှင့်အတူ သမီး၊ သားမက်နှင့် မြေး
ဖြစ်သူတို့ အတူနေထိုင်ကာ နေအိမ်၌ အသွားအလာကန့်သတ်၍ နေထိုင်သူ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြပါရှိသည်။
.
ထို့နောက် ၎င်း၏ ဓါတ်ခွဲနမူနာအား စက်တင်ဘာလ ၁၃
ရက်တွင် ရယူပြီးနောက် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)၌ စစ်ဆေးစဉ်
COVID-19 ပိုးတွေ့ ရှိကာ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ COVID-19 ထုတ်ပြန်ချက်တွင် ပါရှိခဲ့ခြင်း ဖြစ်သည်။
.
လူနာမှာ လက်ရှိတွင်
ကျန်းမာရေး ကောင်းမွန်နေလျက် ရှိပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ
ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။