မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် စက်တင်ဘာလ ၂၈ ရက်တွင် COVID-19 ပိုး ရှိသည်ဟု သံသယ ရှိသော အမျိုးသား တစ်ဦးအား တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
“ အတည်ပြု လူနာတော့ မဟုတ်သေးဘူး၊ မူဆယ်မှာ ရှိတဲ့ စက်နဲ့ စစ်တာတော့ Positive တွေ့တာပေါ့။ အတည်တော့ မပြုသေးဘူး၊ အတည်ဖြစ်ဖို့ များတာပေါ့။ ပိုမို တိကျတဲ့ PHL မှာ ပြန်စစ်ဖို့ ဒီနေ့ မန္တလေးကို ပို့လိုက်ပါပြီ။ လူနာကတော့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ လှထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလူနာမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသား ဖြစ်ကာ အနံ့ မရခြင်း၊ မောပန်းခြင်း၊ ခေါင်းမူးခြင်း စသည့် ဝေဒနာများ ခံစားရသည်ဟု ကျန်းမာရေးဌာနသို့ သတင်းပို့ပြီးနောက် ၎င်း၏ ဓါတ်ခွဲနမူနာအား မူဆယ်ဆေးရုံတွင် စစ်ဆေးစဉ် COVID-19 ပိုးတွေ့ရှိသည်ဟု အဖြေထွက်ခဲ့ခြင်း ဖြစ်၍ အတည်ပြုနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၅ ဦး ရှိပြီ ဖြစ်ကာ ယင်းအမျိုးသားတွင် ပိုး တွေ့ကြောင်း အတည်ပြုပါက ၂၆ ဦး ရှိလာမည် ဖြစ်ပြီး ယင်းတို့အနက် ၂၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကာ တစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။