စုလှိုင်
.
တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းမပေါ်ရှိ
တိုးဂိတ်အနီး၌ ယနေ့ (စက်တင်ဘာလ ၉ ရက်)
ညနေပိုင်းမှ စတင်၍ COVID- 19 ကျန်းမာရေး စစ်ဆေးရေးဂိတ်အား
ပြန်လည်ဖွင့်လှစ်ကာ
စစ်ဆေးနေလျက်
ရှိကြောင်း သိရသည်။
.
“ အခုက စပြီး ဂိတ်တွေဆောက်နေပြီ။ စစ်တာကတော့ အရင်အတိုင်းပဲ
စစ်မှာ။ ၂၄ နာရီလုံး စစ်ဆေးသွားမှာပါ။ မြို့နယ် ထွေအုပ် (တောင်ကြီး)ကနေ
ထောက်ပံ့မယ်။ ရှမ်းပြည်နယ် COVID-19 တုံ့ပြန်ရေးကော်မတီကလည်း ထောက်ပံ့ပေးမယ်လို့
ပြောထားပါတယ်။ ဘာတွေ ထောက်ပံ့ပေးမယ်တော့ မပြောသေးဘူး။”
ဟု
ယင်း စစ်ဆေးရေးဂိတ်မှ စေတနာ့ဝန်ထမ်း
ကိုခိုင်မြင့်ထွန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID- 19 ကျန်းမာရေး
စစ်ဆေးရေးဂိတ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ၂၄ နာရီ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ ဂိတ် မဖွင့်ခင် လွန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း
မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဖြိုးမင်းထိုက်က ပြောထားတယ်။ ထောက်ခံစာ ပါမှ နေတဲ့
ရပ်ကွက်က ထောက်ခံစာ လိုမယ်ပေါ့၊ ကနဦးပေါ့။ ဂိတ်တွေဆောက်ပြီးမှ ထွေအုပ်က ပြောမှ အသေးစိတ် ပြန်ပြောလို့
ရမယ်။ အဓိက က ထောက်ခံစာ ပါမှ ပေးဝင်မှာပါ။”ဟု ကိုခိုင်မြင့်ထွန်းက
က ဆက်လက်
ပြောဆိုသည်။
.
ယင်း ကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင်
ခရီးသွားရာဇဝင်
စစ်ဆေးခြင်း၊ ကိုယ်အပူချိန်
တိုင်းတာခြင်းများ ပြုလုပ်မည် ဖြစ်ကာ COVID- 19
ပိုးတွေ့လူနာ ၃ ဦးနှင့်အထက် ရှိသည့် မြို့နယ်များမှ
လာရောက်သူ ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး
ထောက်ခံချက် မပါရှိသူ ဖြစ်စေ အားလုံးကို စစ်ဆေးရေးဂိတ်မှ သတ်မှတ်ထားသည့်
Quarantine Center များသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်သည် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ
ရုံးစိုက်ရာ ပြည်နယ်မြို့တော်ဖြစ်ပြီး တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းမပေါ်ရှိ
တိုးဂိတ်အနီးနှင့် တောင်လေးလုံးကျေးရွာတို့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ
ဖွင့်လှစ်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိသည်။