COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၉၄၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၃၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က
စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၈၈ ခုအနက် ပင်းတယမှ ၁ ဦးနှင့် ညောင်ရွှေမှ ၂ ဦးတွင်
COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ
ထုတ်ပြန်ထားသည်။
.
“ အမျိုးသား ၃ ဦးပါ၊ ပင်းတယက ၃၆ နှစ်အရွယ်
၁ ယောက်က ရန်ကုန်က ပြန်လာပြီး Quarantine ကို တန်းပြီး ဝင်တာပါ။ သူနဲ့ ပြန်လာတာက ၆
ယောက် ရှိတယ်၊ အဲ ၆ ယောက်ကလည်း Quarantine မှာ၊ မနက်ဖြန် ဓါတ်ခွဲနမူနာ စစ်မယ်။ ညောင်ရွှေက
၂ ယောက်က ကုန်ကား နောက်လိုက်တွေပါ။ ၁၉ နှစ်အရွယ် ၁ ယောက်က အောင်ပန်းမှာ အိမ်ရှိတော့
သူ့အိမ်မှာ တစ်ညနေတယ်။ သူ့မိသားစုနဲ့ ထိတွေ့မှု ရှိနိုင်တယ်။ သူ့အိမ်ကို သေချာ မပြောပြတော့
မသိဘူး၊သူနဲ့ မိသားစုက ၄ ယောက် ရှိတယ်လို့ သိရတယ်။ စုံစမ်းနေတုန်းပေါ့။ နောက်နေ့မှာ
ညောင်ရွှေ Quarantine မှာ ဝင်တယ်။ နောက် ၂၁ နှစ်အရွယ် ၁ ယောက်က သူလည်း ကားသမားပဲ၊ ၁၈
ရက်နေ့မှ ပြန်ရောက်တယ်၊ ရောက်ပြီးတော့ သူ့အိမ်မှာ နေလိုက်သေးတယ်။ မြို့ထဲမှာ သွားလာတာတွေလည်း
ရှိတယ်။ ၂၁ ရက်မှာ Quarantine ဝင်တယ်။ အဲဒီတော့ သူက ထိတွေ့မှု ရှိ(များ) နိုင်တယ်။”
ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်းမှ COVID-19 ပိုးတွေ့ အတည်ပြု လူနာများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
အတည်ပြု လူနာများ၏ အသေးစိတ် အချက်အလက်များကို
ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့တွင်
ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၉၄၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း
ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၃၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၃၇၃ ဦး ရှိကာ၊ ယင်းအနက် ၃၁၀ ဦး သေဆုံး၍ ၃၇၅၅ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။