ကမ္ဘောဇဘဏ်သည် COVID-19 ကူးစက်မြန် ရောဂါဖြစ်ပွားနေချိန်ကာလတွင်
ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝန်းရှိ ရောဂါ ခံစားနေရသော positive
လူနာများနှင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြသည့်
ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊
အလှူငွေများ၊ လိုအပ်သည်များ ပေးပို့လှူဒါန်းလျက် ရှိရာ စက်တင်ဘာ ၂၉
ရက်တွင်
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံး၌
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ
ကျန်းမာရေးဝန်ထမ်းများနှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့
COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ အလှူငွေများကို
ပေးအပ်လှူဒါန်းခဲ့သည်။
.
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း၊ ကမ္ဘောဇအုပ်စုမှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အရာထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး၊ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် သွားရောက် အားဖြည့်ကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကျန်းမာရေးဝန်ထမ်း( ၇၀)ဦးအတွက် အလှူငွေကျပ်သိန်း(၁၅၀)၊စဝ်စံထွန်းဆေးရုံကြီး COVID-19 ရောဂါ ဓာတ်ခွဲ ရှာဖွေရေးဌာနမှ ကျန်းမာရေးဝန်ထမ်း(၁၅)ဦးအတွက်အလှူငွေကျပ်သိန်း ၅၀၊ စုစုပေါင်းငွေကျပ်သိန်း(၂၀၀)နှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် ဆေးရုံသုံး Mask အခုရေ (၁)သိန်း၊ ခေါင်းစွပ် (၅၀၀၀)၊ မျက်နှာအကာ Face Shield (၂၀၀၀) ၊ လက်အိတ်(၁၀၀၀၀)၊ Hand Gel ဘူးကြီး(၅၀၀)၊မျက်မှန်(၁၀၀)နှင့် PPEဝတ်စုံ(၂၀၀)တို့ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့က လက်ခံရယူကာ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
.
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ မဖြစ်ပွားခင်အချိန် ဖေဖေါ်ဝါရီလ ၂၆ ရက်မှစတင်၍ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် သိန်းပေါင်း (၇၃,၄၆၆)သိန်း လှူဒါန်းထားရှိပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ဘာသာမရွေး၊ နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်းငွေကျပ် (၁၇၀)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။