COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၅၉၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ပထမအသုတ် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၂၈ ခုအနက် တောင်ကြီးမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတွင် ပိုးတွေ့ခဲ့ပြီး ကျန် ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့ကြောင်း သိရသည်။
.
“ တောင်ကြီးမြို့နယ်၊ အောင်သပြေ အလကမှာ Quarantine ထား ထားတဲ့သူ၊ သူ မန္တလေးက ပြန်လာတာကတော့ ၂၀ ရက်နေ့၊ မနက်မှာ ရောက်တယ်၊ ရောက် ရောက်ချင်းပဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်ပြီး Quarantine ထဲကို တန်းဝင်သွားတာပါ။ မနေ့ကတော့ မန္တလေးက လူနာနဲ့ ထိတွေ့မှု ရှိတယ်လို့ ကာယကံရှင်က သတင်းပို့လာတော့ ဓါတ်ခွဲနမူနာကို ယူပြီး စစ်လိုက်တော့ ဒီနေ့ အဖြေထဲမှာ Positive ဖြစ်တာပေါ့။ နေတာကတော့ အေးသာယာမှာ နေတာပါ။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာမှာ ကျန်းမာရေး ကောင်းမွန်နေပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကာ လူနာဖြစ်သူ မန္တလေးမှ ပြန်လာစဉ် ကားအတူ စီးလာသူ ယာဉ်မောင်း ၁ ဦး၊ ခရီးသည် ၄ ဦး ရှိပြီး ၎င်းတို့အား အသွားအလာ ကန့်သတ်ထားပြီး ဓါတ်ခွဲနမူနာများအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့
(စက်တင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၁၁၂ ဦး ရှိကာ၊
ယင်းအနက် ၁၇၄ ဦး သေဆုံး၍ ၂၅၁၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ
ဖြစ်ကြောင်း သိရသည်။