ကမ္ဘောဇတိုင်း
.
ကျိုင်းတုံခရိုင်၊ အထူးဒေသ (၄) မိုင်းလားမြို့နယ်တွင် ရွှေ့ပြောင်းလုပ်သား
၃ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှုကော်မတီထံက
သိရသည်။
.
.
“အထူးဒေသ (၄) က ငှက်ပျောခြံ လုပ်သားတွေပါ။ ရန်ကုန်ကို ပို့ပြီးစစ်တာပါ။
လူနာတွေကတော့ အထူးဒေသ (၄) ဆီလူးမှာပဲ ရှိပါသေးတယ်။ သွားခေါ်ဖို့တော့ စီစဉ်နေပါတယ်။
ကျိုင်းတုံဆေးရုံကြီးမှာပဲ ထားမှာပါ” ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၅ ရက်၊ နံနက်
၈ နာရီအချိန် ထုတ်ပြန်ချက်တွင် ယင်း လူနာ ၃ ဦး၏ စာရင်း ပါဝင်ခြင်း မရှိသေးဘဲ ကျိုင်းတုံခရိုင်
စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်သူများ သတိရှိ နိုင်ရန် ကြိုတင်အသိပေးထားခြင်းဖြစ်ပြီး
အထူးဒေသ (၂) နှင့် အထူးဒေသ (၄) ဝင်ထွက်ပေါက်များကို လွန်ခဲ့သည့် ၃/၄ ရက်ကတည်းက ပိတ်ထားခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာဘစိုးသက်ကလည်း “သူတို့ကို ကျိုင်းတုံဆေးရုံကြီးမှာပဲ ထားမှာပါ။ ဒီနေ့ သွားခေါ်နိုင်ဖို့
စီစဉ်နေပါတယ်။ ဒီနေ့ MoHS ထုတ်ပြန်ချက် မှာတော့ မပါသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လူနာအသစ် ၃ ဦး အပါအဝင် ရှမ်းပြည်နယ်တွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၄ ဦး ရှိလာနေပြီ ဖြစ်ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ
ရောဂါမှ ပြန်လည်သက်သာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.