COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၂ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ တစ်ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၂ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ တစ်ဦး ထပ်တိုး


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၂ ဦး ထပ်မံတွေ့ရှိပြီး နောက်ထပ် သေဆုံးသူ တစ်ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂၀ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁ ဦးနှင့် ရခိုင်ပြည်နယ် မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
စက်တင်ဘာလ ၃ ရက်၊ ညနေပိုင်းအတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၃၂၇ ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၄၀ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ သစ် ၂၂  ဦးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် အရေပြား လေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1023) သည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်း ကြောင့် စက်တင်ဘာလ ၃ ရက်၊ ည ၁၀ နာရီခွဲအချိန်က သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၁၃၃ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၇ ဦး သေဆုံး၍ ပြန်လည်သက်သာလာသူ ၃၅၉ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။
.

Journal Download

Photo of three cats