ကုန်သွယ်မှုများ အဆင်ပြေစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံချက် ပေးနိုင်ရေး ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုန်သွယ်မှုများ အဆင်ပြေစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံချက် ပေးနိုင်ရေး ဆောင်ရွက်

စုလှိုင်

.

မြန်မာနိုင်ငံ၏ ထုတ်ကုန်များ နိုင်ငံတကာသို့ တင်ပို့ရာတွင် ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် ထောက်ခံချက်များ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

“အရင်က CO Form ကို အွန်လိုင်းက မပေးဘူး။ အာဆီယံနိုင်ငံတွေကို သွားဖို့အတွက်ကို အွန်လိုင်းကနေတစ်ဆင့် တစ်ခါထပ်လုပ်ဖို့ ဒါရိုက်တာ လက်မှတ်တွေ လုပ်ဖို့အတွက် လုပ်တာပါ။ အရင်က စာရွက်စာတမ်းတွေနဲ့ သွားတဲ့အခါမှာ သင်္ဘောနဲ့သွားတဲ့အခါမှာ စာရွက်စာတမ်းက အရမ်းကြန့်ကြာတယ်။ COVID-19 ကာလဖြစ်တော့ အွန်လိုင်းကနေ တစ်ခါတည်းထုတ်ပေးတာပေါ့။ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ဖြစ်ကြောင်း ထောက်ခံချက်ပေးလိုက်တာပါ” ဟု ရှမ်းပြည်နယ် စီးပွားကူးသန်း မြှင့်တင်ရေးအဖွဲ့ ပြည်နယ် တာဝန်ခံ ဦးစောဝင်းကျော် က ကမ္ဘောဇတိုင်း သို့ပြောသည်။ 

.

ထို့သို့ CO Form လျှောက်ထားရာတွင် ကုမ္ပဏီများမှ ဒါရိုက်တာ စာရင်းပါ ဒါရိုက်တာ ၂ ဦး၏ အမည်၊ ရာထူး၊ လက်မှတ် နမူနာနှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို ကုန်သွယ်မှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကာလ ဖြစ်သည့် အတွက် သွားလာရခက်ခဲသည့် အချိန်တွင် အွန်လိုင်းမှ လွယ်လွယ်ကူကူ နှင့် နိုင်ငံတကာသို့ တင်ပို့သည့်အခါတွင် စာရွက်စာတမ်းများနှင့် ပို့ဆောင်ရန် မလိုအပ်တော့ဘဲ အွန်လိုင်းမှတစ်ဆင့် ပို့ဆောင်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဝယ်ယူသူများအနေဖြင့်လည်း လွယ်လွယ်ကူကူ ဝယ်ယူရမည်ဖြစ်ကာ ကုန်သွယ်မှု လွယ်ကူစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

.

“ဒါမျိုးလုပ်တာတွေက နောက်ပိုင်း လိုင်စင်လျှောက်တာတွေ၊ အွန်လိုင်းကနေပဲလုပ်ဖို့လုပ်ပေးတဲ့အတွက် ပိုပြီးတော့ ကုန်သည် လုပ်ငန်းရှင်တွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ပိုပြီးအကျိုးရှိလာတာပေါ့။ ပိုပြီး လွယ်လွယ်ကူကူနဲ့ ကုန်ကျစရိတ်လည်း သက်သာတယ်။ အချိန်ကုန်လည်း သက်သာပြီး ကုန်သွယ်မှု ပိုပြီးလွယ်ကူချောမွေ့ အဆင်ပြေလာတာပေါ့ ”ဟု ဦးစောဝင်းကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် CO Form လျှောက်ထားမှုများအတွက် Form ပေါ်တွင် လုပ်ငန်းရှင်/ဌာနဆိုင်ရာ အတည်ပြုသူမှ သီးခြားလက်မှတ်ရေးထိုးရန်မလိုတော့ဘဲ အီလက်ထရောနစ်ဒေတာဖြင့် ကုန်သွယ်ဘက်နိုင်ငံများသို့ ပေးပို့မည့်စနစ်အား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats