မင်းဇော်မင်း
.
တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင်
တစ်ရက်လျှင် ထိုင်းနံပါတ်ဖြင့် မော်တော် ယာဉ် ၆ စီးသာ ဝင်ရောက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း
သိရသည်။
.
.အဆိုပါ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ မြန်မာနိုင်ငံသား ယာဉ်မောင်းများအား ပေးမဝင်ဘဲ တစ်ရက်လျှင် ကုန်တင်ယာဉ် ၁၆၈ စီးသာ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ အကြောင်းကြားစာ ပေးပို့လာသော်လည်း ယင်းအကြောင်းကြားစာတွင် မြန်မာနံပါတ် ယာဉ် ၆ စီးသာ ပါဝင်သည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း ထိုင်းနံပါတ်ယာဉ် ၆ စီးသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် မြို့နယ်/ခရိုင်
တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ထံက သိရသည်။
.
“အဓိက ကတော့
၂၀၁၆ က ချုပ်ဆိုထားတဲ့ စာချုပ်အရ နှစ်နိုင်ငံ တန်းတူအခွင့်အရေး ရရှိဖို့ပါ။
အစည်းအဝေးမှာ အချက် ၃ ချက်ကို ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဦးချမ်းမြေ့စောက ပြောသည်။
.
ယင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ အကြောင်းကြားစာအရ ယာဉ်စီးရေ
၁၆၈ စီးဟု ထုတ်ပြန်ထားသော်လည်း မြန်မာနံပါတ်ယာဉ်မှာ ၆ စီးသာ ပါဝင်သည့်အတွက်
မြန်မာဘက်မှလည်း စက်တင်ဘာလ ၁၇ ရက်မှ စတင်၍ ထိုင်းနံပါတ်ယာဉ် ၆ စီးသာ
ဝင်ခွင့်ပြုရန်၊ ယင်း ၆ စီးကိုလည်း တံတား (၂) ဂိတ်တွင် မြန်မာယာဉ်မောင်းများနှင့်
လဲလှယ်စေ၍ မြန်မာယာဉ်မောင်းများသာ တာချီလိတ်မြို့တွင်းသို့ ဆက်လက်
မောင်းနှင်ခွင့်ပြုရန်နှင့် ထိုင်းနိုင်ငံမှ ယာဉ်များ ကုန်စည်ကူးသန်း
သယ်ဆောင်ခွင့်အား မြန်မာနိုင်ငံဘက်တွင် မှတ်ပုံတင်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြပြီး
ရှမ်းပြည်နယ်အစိုးရ၏ အတည်ပြုချက် ရရှိပါက ရက်သတ်မှတ်၍
စတင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
.
“အခုလို
တစ်ဘက်သတ် ထုတ်ပြန်ချက် ပေးပို့လာမယ့်အစား နှစ်နိုင်ငံ တန်းတူညှိနှိုင်း
သဘောတူပြီး ညီမျှတဲ့ လုပ်ဆောင်ချက်မျိုးဆို လက်ခံနိုင်ပါတယ်။ အခုက အဲဒီလိုမဟုတ်ဘဲ
ဟိုဘက်က မြို့နယ်အဆင့်၊ ခရိုင်အဆင့်လောက်နဲ့ ဆုံးဖြတ်ချက်ချ ပေးပို့လာတော့
မြန်မာဘက်ကလည်း တန်းတူဆက်ဆံတဲ့ သဘောပါပဲ” ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရှမ်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
.
အထက်ပါ အစည်းအဝေးဆုံးဖြတ်ချက်များပါဝင်သည့် အကြောင်းကြားစာအား
ယနေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် မယ်ဆိုင်ရှိ ခရိုင်အဆင့် အုပ်ချုပ်ရေးပိုင်းသို့
ပေးပို့ခဲ့ကြောင်းနှင့် ကုန်သည်များအနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေ အပေါ်
နားလည်လက်ခံပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက်
လုပ်ဆောင်သွားကြရန်တိုက်တွန်းကြောင်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမင်းမင်းဇော် ကလည်း “ထိုင်းဘက်က
ဆီးစစ်တာ၊ ငွေညှစ်တာ၊ တံတားပေါ်မှာ ငွေတောင်းတာတွေကို တာချီလိတ်ဘက်က တုံ့ပြန်
ခဲ့တော့ ထိုင်းဘက်က လျှော့သွားတယ်။ အခုလည်း ထိုင်းဘက်က ဘယ်လိုလျှော့မလဲဆိုတာ
စောင့်ကြည့်ရမယ်။ ဒီဘက် စားသုံးသူတွေ ထိသလို ဟိုဘက်ကလည်း ထိမှာပဲ။
တောင့်ခံထားနိုင်ဖို့ လိုမယ်” ဟု ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.