မြန်မာ-ထိုင်းနယ်ခြား BP-1 နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-ထိုင်းနယ်ခြား BP-1 နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆို

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်ခြား BP-1 နယ်စပ်ဖြတ်ကျော် ကျောက်တိုင်ဂိတ်အား ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံတိုင်းရင်းသားပြည်သူ ၅၇၆ ဦးတို့က လက်မှတ်ရေးထိုး တင်ပြတောင်းဆိုထားကြောင်း သိရသည်။

.

.

“အရင်က သမ္မတဆီကိုလည်း စာနဲ့တင်ပြတယ်။ ပြည်နယ်လွှတ်တော်မှာလည်း မေးခဲ့တယ်။ ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်မှာလည်း လူကိုယ်တိုင်တင်ပြခဲ့သလို မိုင်းတုံကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း စာနဲ့ရေးတင်ပြခဲ့တယ်။ ဒေသခံ ရဟန်းရှင်လူအများက ဂိတ်ဖွင့်ရင် ဒေသအမှန်တိုးတက်မှာဖြစ်လို့ တိုင်းရင်းသားတွေ အတွက်တောင်းဆိုတာပါ။ လုံခြုံရေးနဲ့မူးယစ်ဆေးဝါးအကြောင်းပြတာက ရှမ်းပြည်တစ်ခွင်လုံး ဘယ်နေရာမှ မကင်း ပါဘူး။ တာချီလိတ်ဆို ပိုဆိုးပါတယ်။ BP-1 ဂိတ်ဖွင့်မှ ဒေသတိုးတက်မှာဖြစ်ပါတယ်” ဟု ပုံပါကျင်မြို့နေ ယခင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုင်းဝင်းမြတ်ဦး က ပြောသည်။

.

မိုင်းတုံမြို့နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ၄၆ မိုင် ခန့်ထိစပ်နေသော မြို့နယ်တစ်မြို့ဖြစ်ပြီး BP-1 ဂိတ်မှာ ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုသ်ည့် ဂိတ်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ BP-1 နယ်စပ်ကျောက်တိုင်ဂိတ်မှာ အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၀ ခုနှစ်များက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့ကြား ထိစပ်နေသော တောင်ထိပ် တောင်ကြားများပေါ်၌ သစ်သားဖြင့် စိုက်ထူခဲ့သည့် နယ်ခြားမှတ်တိုင်များအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၉၆၀ ခုနှစ်ခန့်တွင် ဗိုလ်ချုပ်နေဝင်းမှ လက်ရှိ နယ်ခြားကျောက်တိုင်ကို လာရောက်စိုက်ထူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

၁၉၈၇ ခုနှစ်ခန့်တွင် နိုင်ငံတော်အစိုးရမှ ယင်း နယ်စပ်ဂိတ် BP-1 ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ကျွန်းသစ်များ တင်ပို့ခဲ့ပြီး ယင်းနှစ်များတွင် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မိုင်းဆတ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဇင်းမယ်ခရိုင်ဝန်တို့ BP-1 နယ်စပ်တွင် တွေ့ဆုံညှိနှိုင်းပြီး နယ်စပ်ဖြတ်ကျော်ဂိတ်ကို တစ်ပတ် လျှင် ၃ ရက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

.

ထို့နောက်၂၀၀၁ ခုနှစ်ခန့် အရောက်တွင် နယ်စပ်မတည်ငြိမ်မှုများကြောင့် BP-1 နယ်စပ်ဖြတ်ကျော်ဂိတ်ကို ယနေ့တိုင် ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

BP-1 နယ်စပ်ဖြတ်ကျော်ဂိတ်သည် မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းဆတ်နှင့် မိုင်းတုံစသည့် မြို့နယ်များအတွင်းရှိ ဒေသခံ ပြည်သူများ၏ အဓိကမှီခိုအားထားရာ နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်များအတွင်းရှိ ပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသထွက် ကြက်သွန်ဖြူ၊ ပြောင်း၊ နှမ်းစသည့် ဒေသထွက် စိုက်ပျိုးရေးကုန် များကို နှစ်စဉ် တစ်နှစ်လျှင် တန်ပေါင်းသိန်းနှင့်ချီ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိရာ BP-1 ဂိတ် ပိတ်ထားခြင်း ကြောင့် စိုက်ပျိုးထွက်ကုန်များကို တာချီလိတ်မြို့ဘက်သို့ ကွေ့ပတ်ပြီး တင်ပို့နေရလျက်ရှိရာ မိုင်းတုံမှ တာချီလိတ်သို့ တင်ပို့ခ တစ်တန်လျှင် ကျပ်တစ်သိန်းခန့် ကုန်ကျကြောင်း သိရသည်။

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ ခရီးအကွာအဝေး ၃၈၃ မိုင်ရှိပြီး မိုင်းတုံမြို့နယ် အတွင်းရှိ နယ်ခြားမှတ်တိုင် BP-1 သို့ အကွာအဝေး ၂၇၉ မိုင်သာ ရှိကြောင်း သိရသည်။

.

ထို့အပြင် တာချီလိတ် နယ်စပ်မှ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ဇင်းမယ် (ချင်းမိုင်) သို့ ၂၇၆ ကီလိုမီတာ ကွာဝေးပြီး BP-1 နယ်စပ်ဂိတ်မှ ဇင်းမယ် (ချင်းမိုင်) သို့ ၁၁၈ ကီလိုမီတာသာ ကွာဝေးသည့်အတွက် ယခု BP-1 နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်နိုင်ပါက မြန်မာနှင့် ထိုင်းနိုင်ငံအကြား ကုန်စည်စီးဆင်းမှု လျင်မြန်လာမည့်အပြင် သယ် ယူကုန်ကျစရိတ်များ သက်သာလာစေမည်ဖြစ်ပြီး ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

.

ထို့ကြောင့် BP-1 နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် သံဃာတော်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမား ၅၇၆ ဦးက စုပေါင်းလက်မှတ်ထိုးပြီး တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats