မင်းဇော်မင်း
.
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် တာချီလိတ်ခရိုင်နှင့်
ထိုင်းနိုင်ငံနယ်ခြားကော်မတီ(TBC) တွင် ခရိုင်အဆင့် ကုန်စည် ဖြတ်သန်း
သယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက
တာချီလိတ်မြို့၊ 1G1 ဟိုတယ် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ တာဝန်ရှိသူ
များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
.
.
ဆွေးနွေးပွဲတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးမြင့်နိုင်နှင့် တာချီလိတ်အခြေချ စစ်ဗျူဟာမှူးတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ
အမှတ် (၂) ဖာမိန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ချာသရီ စငွမ်းထမ်း ဦးဆောင်တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
“ကျွန်တော်တို့ဘက်က အချက်တွေ အားလုံးနီးပါး သူတို့က လက်ခံတာပေါ့။
သူတို့ဘက်က ပြန်လည်ဆွေးနွေးဖို့ အချက်တွေမှာ ကုန်ဈေးနှုန်း လျှော့ချပေးဖို့ကတော့ အကြောင်းပြန်မှာပေါ့။
အဲဒါတစ်ခုကလွဲလို့ ကျန်တာအားလုံး အဆင်ပြေပါတယ်။ နှစ်ဘက် သဘောတူတဲ့အချက်တွေကတော့ သူတို့လည်း
သူတို့ဘက်မှာ ပြန်တင်၊ ကျွန်တော်တို့ လည်း အစိုးရကို ပြန်တင်ပြပြီး အားလုံးက အတည်ပြုတယ်ဆိုရင်
ဒီရက်ပိုင်းအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာလုပ်လိုက်တော့
ရသင့်ရထိုက်တာ ရတယ်လို့ပဲ ပြောရမှာ ဖြစ်လို့ ကိုယ့်နိုင်ငံအတွက်တော့ ကောင်းပါတယ်” ဟု
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် တံတားပေါ်တွင် ကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍
ထိုင်းနိုင်ငံ ဌာနနဆိုင်ရာများမှ ကောက်ခံ ခြင်း မရှိကြောင်းနှင့် ကြားသူများက ကောက်ခံခြင်းဖြစ်ကြောင်း
ထိုင်းဘက်မှ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် မြန်မာ နိုင်ငံသားများ နစ်နာမှုူမရှိစေရေးအတွက်
ဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောဆို ခဲ့သည်။
.
ထိုင်းနိုင်ငံဘက်မှ စစ်ဗျူဟာမှူးက နှစ်နိုင်ငံရေရှည်ဆက်ဆံရေးတွင်
COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ကုန်စည်ဖြတ်သန်းခွင့်ကို
နားလည်မှုလွဲမှားပြီး အပြန်အလှန် တင်းမာနေမှုကို ချေဖျက်ကာ မြန်မာနိုင်ငံဘက်မှ တင်ပြလာသည့်
အချက် ၈ ချက်ကို လိုက်လျောပေးမည်ဖြစ်ကြောင်းနှင့် ရှေ့လျှောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့်
အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
“ဆွေးနွေးမှု သဘောတူညီချက်တွေကို ပြည်နယ်အစိုးရအဖွဲ့ဆီ တင်ထားပါတယ်။
အစိုးရအဖွဲ့ သဘောတူရင် အောက်တိုဘာ ၁ ရက်လောက်တော့ စနိုင်ပါမယ်” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးချမ်းမြေ့စော ကလည်း ပြောဆိုခဲ့သည်။
.
ဆွေးနွေးပွဲတွင် တံတား (၂) ၌ သတ်မှတ်ချက်မထားဘဲ ယခင်အတိုင်း
ပုံမှန်ပြန်လည် သွားလာနိုင်ရန်၊ မြန်မာလိုင်စင် နံပါတ်အနက်ကားများ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုရန်၊
အသီးအရွက်၊ အသားငါးအခွန်များကို လျှော့ချပေးရန် တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး
ကားများ ဖြတ်သန်းရာတွင် ထိုင်းနိုင်ဘက်ငံမှ ထုတ်ပေးသည့် ဖြတ်သန်းခွင့်စလစ်များကို ယခင်
ဘတ် ၃၀၀၀၀ မှ ၄၀၀၀၀ အထိ ကုန်ကျရာမှ ဘတ် ၁၅၀၀၀ သာ သတ်မှန်ရန်ဆွေးနွေးရာ မြန်မာဘက်မှ
လုံးဝ မကောက်ခံရေး ပြန်လည်ဆွေးနွေးခဲ့သည့်အတွက် ထိုင်းဘက်မှ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ပြီး
စလစ် ရက်လွန်ကြေး လုံးဝမကောက်ခံရန် ဆွေးနွေးညှိနှိုင်းမှု ရရှိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်-မယ်ဆိုင်ကြား တံတားအမှတ် (၂) မှ
ကုန်စည်ပို့ဆောင်ရေးအပေါ် မယ်ဆိုင်ဘက်မှ နှစ်နိုင်ငံသဘော တူညီချက် မရှိဘဲ
တစ်ဘက်သတ် ကုန်စည်ပို့ဆောင်ရေးကြေညာချက်အပေါ် မြန်မာဘက်က ကား ၆ စီးသာ ကူးသန်းသွားလာရန်
စက်တင်ဘာ ၁၇ ရက်က တုံ့ပြန်ဆောင်ရွက်ပြီးနောက် ယခုအခါ ထိုင်းနိုင်ငံဘက်မှ လာရောက်
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ တန်းတူညီမျှ ဆက်ဆံရေးနှင့် အခွန်အခများ
လျှော့ချကင်းလွတ်ရေး တို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.