လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်သည် ယနေ့ (စက်တင်ဘာလ ၂၇ ရက်)၊ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ်၊ ပွဲစဉ်(၁၉)တွင် ဆောက်သမ်းမြန်မာအသင်းအား ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ယူ၍ အမှတ်ပေးဇယားထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
.
ယခင် အမှတ်ပေးဇယား၏ ပထမနေရာမှ ဟံသာဝတီနှင့် ဒုတိယနေရာမှ ဧရာဝတီအသင်းတို့သည် ပြိုင်ဘက်အသင်းများအား အသီးသီး ရှုံးနိမ့်ခဲ့သဖြင့် ၁၀ ပွဲဆက် အနိုင်ရခဲ့သည့် ရှမ်းအသင်းမှာ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်း၏ အနိုင်ဂိုးများကို ပွဲချိန် ၃၇ မိနစ်တွင် Zar Nay Ya Thu က လည်းကောင်း၊ ပွဲချိန် ၅၇ မိနစ်တွင် MAXIMIN က လည်းကောင်း အသီးသီး သွင်းယူခဲ့ပြီး၊ ဆောက်သမ်းမြန်မာ၏ သွင်းဂိုးကိုမူ ပွဲချိန် ၁၉ မိနစ်တွင် Phone Myat Kyaw က သွင်းယူခဲ့ခြင်း ဖြစ်သည်။
.
လက်ကျန်ပွဲစဉ် တစ်ပွဲသာ ကျန်ရှိတော့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ချန်ပီယံဖလားကို ကိုင်မြှောက်ခွင့် အခွင့်အရေး ရှိနေသည့် အသင်း ၃ သင်းမှာ ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယား ပထမနေရာမှ ရှမ်းယူနိုက်တက်၊ ရမှတ် ၄၀ ဖြင့် ဒုတိယနေရာမှ ဟံသာဝတီယူနိုက်တက်နှင့် ရမှတ် ၃၉ မှတ်ဖြင့် တတိယနေရာမှ ဧရာဝတီယူနိုက်တို့ ဖြစ်သည်။
.
ယခုနှစ် ရာသီ၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့်အပြင် ချန်ပီယံအသင်း ထွက်ပေါ်လာမည့် ပွဲစဉ်(၂၀)ကို လာမည့် အောက်တိုဘာလ ၁ ရက်တွင် ယှဉ်ပြိုင်ကစားကြရမည် ဖြစ်ရာ ရှမ်းအသင်းသည် ရတနာပုံအသင်းနှင့် ကစားရမည် ဖြစ်ပြီး ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်းတို့မှာ ထိပ်တိုက် တွေ့ဆုံယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
.
ရှမ်းယူနိုက်တက်အသင်းသည် ရတနာပုံအသင်းအား အနိုင်ယူ၍ ရမှတ် ၃ မှတ်ပြည့် ရယူနိုင်မည် ဆိုပါက ချန်ပီယံဖလားကို ဆက်လက် သိမ်းပိုက်၍ ရှမ်းပြည်နယ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။