စုလှိုင်
.
COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု
လျော့နည်းသက်သာစေရန်အတွက် ပို့ကုန်/ သွင်းကုန် လိုင်စင်များ မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာလ
၃၀ ရက်အထိ ယာယီ သက်တမ်းတိုးမြှင့်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
.
“လိုင်စင်သက်တမ်းတိုးတာတို့က အွန်လိုင်းကနေလည်း ရတယ်။ သက်တမ်းကုန်နေရင်လည်း
၁၂ လပိုင်းအထိ ရတယ်။ ပို့ကုန်/သွင်းကုန်တွေ၊ လိုင်စင်လျှောက်တာတွေ အွန်လိုင်းက အကုန်
လုပ်လို့ရပြီ။ အဓိက အခုနောက်ပိုင်း အကုန်လုံး e-system တွေ ပြောင်းနေပြီ။ COVID-19
ကြောင့်လည်း ပါတာပေါ့” ဟု ရှမ်းပြည်နယ် စီးပွားကူးသန်း မြှင့်တင်ရေးအဖွဲ့
ပြည်နယ်တာဝန်ခံ ဦးစောဝင်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကူးစက်ရောဂါကြောင့်
စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းစေရန်၊ ရုံးလုပ်ငန်းများတွင်လူအချင်းချင်း
ထိတွေ့ဆောင်ရွက်မှု လျော့နည်းသက်သာစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
အနေဖြင့် စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အတွင်း သက်တမ်းကုန်ဆုံးမည့် ပို့ကုန်/သွင်းကုန်
လုပ်ငန်းရှင် မှတ်ပုံတင်ခြင်းအား ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ ရုံးသို့
ကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုအပ်ဘဲ မှတ်ပုံတင်ခြင်းစနစ်ကို ဒီဇင်ဘာလ ၃၀ ရက်အထိ
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြထားသည်။
.
“လုပ်ငန်းရှင်တွေအတွက် ပိုပြီးအဆင်ပြေသွားတယ်။ အွန်လိုင်းကနေ
လျှောက်လို့ရတဲ့အတွက် ကိုယ့်အိမ်၊ ကိုယ့်ရုံး ကနေလည်း လျှောက်လို့ရတဲ့အတွက် ဗိုင်းရပ်စ်ကြောင့်
သွားတာ၊ လာတာ မရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လုပ်ငန်းရှင်အတွက် အကျိုးအများကြီး
ရတာပေါ့။ ဌာနကလည်း ဖြေလျှော့တာတွေ တဖြည်းဖြည်း လုပ်နေတာပေါ့” ဟု ဦးစောဝင်းကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
ကုန်သွယ်မှုဦးစီးဌာနမှ မှတ်ပုံတင်ခြင်းစနစ် Registeration ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် မှတ်ပုံတင် သက်တမ်းတိုးကတ်များ ထုတ်ပေးမည်မဟုတ်ကြောင်းလည်း
သိရသည်။
.
ယာယီသက်တမ်းတိုး ကုန်ဆုံးသည့်အချိန်တွင် ကုမ္ပဏီများမှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်
မှတ်ပုံတင် သက်တမ်းတိုး လာရောက်ဆောက်ရွက်ပါက သတ်မှတ်သက်တမ်း ၅ နှစ်တွင် ယာယီတိုးပေးထားသည့်ကာလအား
ထည့်သွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးကြေးအား သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း
ကုန်သွယ်မှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
.