စုလှိုင်
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်
စက်တင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက မော်တော်ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ
၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာနေ ဦးစိန်ဝင်းသည် စက်တင်ဘာလ
၂၆ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့
မောင်းနှင်လာရာမှ မိုင်တိုင်အမှတ် (၁၀၀/၄) နှင့် (၁၀၀/၅) အကြား “ကျွဲအို” ကုန်စုံဆိုင်ရှေ့
အရောက်တွင် လမ်း၏ဝဲဘက်သို့ ဖြတ်ကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ရွှေညောင်မြို့၊
သနပ်ခါးကျေးရွာနေ ဦးရွှေမြင့် မောင်းနှင်ပြီး နောက်တွင် အသက် ၉ နှစ်အရွယ် မောင်အောင်ရဲလင်း
တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဦးစိန်ဝင်းတွင် ဝဲမျက်ခုံးပေါ်၊
ခြေမျက်စိပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဦးရွှေမြင့်တွင် ယားနားသွေးထွက်၊
ဝဲလက်ကောက်ဝတ် ဖူးရောင်၊ ဝဲဒူး ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)များ နှင့် မောင်အောင်ရဲလင်းတွင်
ဝဲလက်မောင်းရင်း ပွန်း၊ ဝဲခြေသလုံးပေါက်ပြဲ (မစိုးရိမ်ရ)ဒဏ်ရာများ ရှိခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ
ဦးစိန်ဝင်းအား ရွှေညောင်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၂၉/၂၀၂၀ ၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.