မင်းဇော်မင်း
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့မှ
တရုတ်နိုင်ငံ၊ မိန်းတိန်မြို့သို့ ကုန်တင်ယာဉ်များ ဝင်ရောက်ခွင့် ရရှိသော်လည်း ကားစီးရေ
အနည်းငယ်သာ သွားလာခွင့်ရရှိသည့်အတွက် ကုန်တင်ကား ၃၀၀ ကျော် ခက်ခဲကြန့်ကြာ မှုများ ရှိနေပြီး
ပြည်တွင်းမှ ထပ်မံလာရောက်မည့် ကားများအား ဆိုင်းငံ့ထားရန် မှာကြားထားကြောင်း ချင်းရွှေဟော်
ကုန်သည်ကြီးများအသင်း ထံက သိရသည်။
.
.
“စက်တင်ဘာ ၂၂ ရက်မှာ ကန့်သတ်ရက်ပြည့်လို့ ၂၃ ရက်မှာ အစည်းအဝေးထိုင်ပြီး
၂၄ ရက်မှာ ကားစီးရေ ၄၀ လောက် ပဲ ပေးသွားနိုင်ခဲ့တယ်။ ၂၅ ရက်မှာ စီးရေ ၁၀၀ ကျော် သွားနိုင်ခဲ့ပေမဲ့
ဒေသခံတွေက တားမြစ်တာနဲ့ ရပ်လိုက်ရတယ်။ ဒီနေ့ ၂၆ ရက်မှာ စီးရေ ၅၀ ပဲ ကန့်သတ်ခွင့်ပြုတာဖြစ်လို့
စက်တင်ဘာလ ၁၈ ရက်ကတည်းက စောင့်နေရတဲ့ကားတွေ ကြန့်ကြာမှုတွေ ဖြစ်နေပါတယ်” ဟု ချင်းရွှေဟော်
ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာက ပြောသည်။
.
ယနေ့ စက်တင်ဘာလ ၂၆ ရက်တွင် ချင်းရွှေဟော်မှ မိန်းတိန်သို့ ကုန်တင်ကားငယ်
၃၀ စီးနှင့် ကုန်တင်ယာဉ်ကြီး ၂၀ စီး ခန့်သာ ကုန်ပို့ဆောင်ခွင့် ရရှိခဲ့ပြီး ကုန်ပို့ရန်
စောင့်ဆိုင်းနေသည့် ကုန်ကားများမှာ ဖောင်ဆိပ်မှ ချင်းရွှေဟော်သံတံတား အထိ ၂၁၆ စီးရှိကာ
စံပြရွာကဲ့သို့သော လမ်းခရီးကြား ရွာများတွင် ကားစီးရေ ၁၀၀ ခန့် ရပ်နားထားရကြောင်း သိရသည်။
.
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်အား ဒေသခံများ၏ တောင်းဆိုချက်အရ
ကိုးကန့်ဒေသဦးစီးအဖွဲ့မှ ကုန်တင် ယာဉ်များ ဝင်ရောက်ခွင့်ကို စက်တင်ဘာလ ၁၈ ရက်မှ ၂၂
ရက်အထိ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ကုန်တင်ယာဉ် များအား စီးရေ အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားပြီး
ကန့်သတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
နယ်စပ်ကုန်သွယ်ရေး မပြတ်မလပ်စေရေးအတွက် တစ်ဘက်နိုင်ငံသို့
ကုန်တင်ယာဉ်များ စနစ်တကျဝင်ရောက်နိုင်ရန် လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်အတူ COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး ကော်မတီများ၏
လမ်းညွှန်ချက်နှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး
အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စနစ်တကျ လမ်းရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ချင်းရွှေဟော်မှ တရုတ်နိုင်ငံ မိန်းတိန်သို့
နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွင် COVID-19 ရောဂါမဖြစ်မီက ကုန်သွယ်မှု တစ်ရက်လျှင်
မြန်မာနိုင်ငံဘက်မှ ကားစီးရေ ၂၀၀ ခန့်နှင့် တရုတ်နိုင်ငံဘက်မှ ကားစီးရေ ၁ဝဝ ခန့်
ပုံမှန်ရှိနေခဲ့သည်ဟု လောက်ကိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။
.
“အခုလို တစ်ရက်နည်းနည်းပဲ သွားခွင့်ရတော့ ရေထွက်ကုန်ကားတွေ
အဲဒီကို မတက်ရဲဘူးဖြစ်နေတယ်။ ပုံမှန်ပြန်ဖွင့် မှပဲ တက်ရဲတော့မယ်” ဟု မန္တလေးမြို့မှ
ငါးရှဉ့်ကုန်သည်များအသင်း အတွင်းရေးမှူး ဦးတိုင်းကျော်ကလည်း ပြောဆို ခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းထံသို့ ကမ္ဘောဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန်
ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ချေ။
.