စိုင်းသိင်္ခသူ
တာချီလိတ်မှ နယ်စပ် ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်သို့ ကုန်စည် သယ်ယူ ပို့ဆောင်လိုသည့် မော်တော်ယာဉ်များ လျှောက်ထားနိုင်ကြောင်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာထားကြောင်း သိရသည်။
.
“ ထိုင်းဘက်နဲ့ ညှိနှိုင်းထားခြင်း မရှိသေးပါဘူး၊ အကယ်၍ လိုအပ်လာရင် လုပ်ငန်း လုပ်လိုသူတွေ လုပ်ဆောင်နိုင်ဖို့ အသိပေး ကြေညာထားတာပါ။”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
.
အဆိုပါ လျှောက်ထားမှုကို တာချီလိတ်ခရိုင်ရှိ မော်တော်ယာဉ်များ သာမက မည်သည့် ယာဉ်မဆို အသိပေးချက်ပါ အချက်အလက်များ ပြည့်စုံစွာဖြင့် လျှောက်ထားနိုင်ကြောင်း ၄င်းက ပြောသည်။
.
တာချီလိတ်မြို့နယ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ကုန်စည် သယ်ယူ ပို့ဆောင်ရန် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတား ဖြတ်သန်းခွင့်အား လတ်တလောကာလ၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံလုံးမှ မော်တော်ယာဉ် ၆ စီးဖြင့်သာ ဖြတ်သန်းခွင့်ပြု ဆောင်ရွက်လျက် ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာလိုင်စင်နံပါတ် ၆ စီးအပြင် ထပ်မံ၍ ကုန်စည်သယ်ယူ ပို့ဆောင်လိုသည့် မော်တော်ယာဉ်များ ရှိပါက ယာဉ်လိုင်စင်နှင့် ယာဉ်ပိုင်ဆိုင်မှု အထောက်အထား၊ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းနှင်မည့်သူ၏ လိုင်စင်၊ ယာဉ်၏ ဝဲ/ယာ၊ ရှေ့/နောက် ဓာတ်ပုံများဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ စက်တင်ဘာလ ၂၁ ရက်မှ စတင်၍ ရုံးချိန်အတွင်း သတင်းပို့ လာရောက် လျှောက်ထားနိုင်ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
.
“သူတို့ဘက်(ထိုင်း)က လာရင် ဆိုင်ကယ်ရော ကားရော ဘာမှတ်ပုံတင်တာမှ မရှိဘဲ ဖြတ်သန်းခွင့်ပဲ ကောက်ခံတယ်။ သူတို့ဘက်ကို သွားရင်တော့ သူတို့ဆီမှာ မှတ်ပုံတင်ထားတဲ့ ကားကိုပဲ လက်ခံတဲ့အပြင် သတ်မှတ်ချက်နဲ့ ငွေကောက်ခံမှုတွေလည်း ရှိတယ်။ မြန်မာဘက်က ၆ စီးပဲ မှတ်ပုံတင်ထားတာ ဖြစ်လို့ နောက်ပိုင်းမှာ သွားလာနိုင်ဖို့ စီမံတာပါ။ သူတို့ကားတွေလည်း ဒီဘက်(မြန်မာ)မှာ မှတ်ပုံတင် ပြီးမှ ခွင့်ပြုသွားဖို့ အစီအစဉ် ရှိတယ်။”ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
.
တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်အနေဖြင့် ထိုင်းနိုင်ငံကုန်စည်များအပေါ်တွင် ၇၀ ရာခိုင်နှုန်းမျှ မှီခိုနေသသော်လည်း (မြန်မာ) ပြည်မ ဘက်ကို အားထား၍ သုံးစွဲမှု ပြန်လည် ပြုလုပ်ပါက ယင်းအခြေအနေမှာ ပြောင်းလဲသွားနိုင်ကြောင်း မြန်မာ-ထိုင်း နယ်စပ်နေ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးထံမှ သိရသည်။
.
“ ကုန်စျေးနှုန်း တက်မှာကိုတော့ စိုးရိမ်ကြတာတွေ ရှိတယ်၊ ဒါပေမဲ့ ပြည်မဘက်က အလျင်မီ ပို့ဆောင်နိုင်ရင် အခက်အခဲ နည်းမှာပါ။ ရှမ်းပြည်နယ်အစိုးရကလည်း အခက်အခဲ မရှိစေဖို့ လုပ်ဆောင်ပေးနေတယ်လို့ သိရတယ်။ အဓိက က လမ်းခရီးမှာ နှောင့်နှေးမှုတွေ မဖြစ်စေဖို့တော့ လိုပါတယ်။” ဟု ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သူ ဦးမင်းမင်းဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံသားများ၏ ပြောကြားချက်အရ လက်ရှိတွင် ထိုင်းဘက်အခြမ်း၌ စက်သုံးဆီတင် ယာဉ် ၆၀၀ ခန့် ရပ်တန့်ထားရကြောင်းနှင့် လက်ရှိ ကုန်သွယ်မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲခန့် ဆုံးရှုံးနေရသည်ဟု ထိုင်းမီဒီယာများက ဖော်ပြလျက် ရှိကြောင်း သိရသည်။