မင်းမင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊
ထီနဲ့ကျေးရွာတွင် စက်တင်ဘာ လ ၂၃ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် ၃၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
စက်တင်ဘာလ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ထီနဲ့ကျေးရွာရှိ ထွန်းချစ် ၏ နေအိမ်အား
သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အရိုး အသွား ၁၁ လက်မခန့်ရှိ ဓါးတစ်ချောင်း၊
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ပလတ်စတစ်ကပ်ခွာအိတ် ၁၉ အိတ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား
၃၈၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် ၃၈ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
လက်ဝယ်ထားရှိသူ ထွန်းချစ်အား ပင်လောင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
.
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု
(၁၀၅) မိုင် ကျေးရွာရှိ နေအိမ်တစ်လုံးတွင်လည်း ယင်းနေ့က ညနေပိုင်းက ငွေကျပ် သိန်း
၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြားနှင့် ကာလတန်ဖိုး ၁၁၇၀၀၀၀ ကျပ်ရှိ ဘိန်းဖြူ
၇၈ ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.