တောင်ကြီးမြို့ပေါ်က ရင်ရှုပ်စေတဲ့ ကြိုးထုပ်များ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, September 27, 2020

တောင်ကြီးမြို့ပေါ်က ရင်ရှုပ်စေတဲ့ ကြိုးထုပ်များ

အောင်ဆန်းဝင်း

.

ဆိုင်က အနောက်မြို့ပတ်လမ်းမကြီး ဘေးနား ခပ်မြင့်မြင့် ကုန်းလေးပေါ်မှာ ဆောက်ထားတော့ မြင်ကွင်း ကောင်းတယ် ပြောရမှာပေါ့။ ဆိုင်အရှေ့ဘက်မှာ ရေကန်ကြီး တစ်ခု ရှိတယ်။ နွေတုန်းကတော့ ပတ်ကြားအက် ကန်ကြီး။ အခု မိုးတွေ ကောင်းထားတော့ မှတ်တိုင် မြုတ်အောင် ရေပြည့်နေတဲ့ကန်။ ကန် အရှေ့ဘက်မှာ သက္ကရာဇ် ဘယ်လောက်တုန်းက ပေါက်နေမှန်း မသိတဲ့ သက်တမ်းရင့် ညောင်ပင်အိုကြီးတွေ ရှိတယ်။ ညောင်ပင်အိုကြီးတွေက နွေမိုးဆောင်း သုံးရာသီ အရိပ် အာဝါသ ကောင်းတယ်။ ညောင်ပင်အိုကြီးတွေ ကျေးဇူးက နွေပိုင်းမှာ ပိုသိသာတယ်။ ပူလောင်လောင် ပြင်းရှရှ နေ့ရက်တွေဆို ညောင်ပင်ကြီးတွေရဲ့ အရိပ်က အေးမြမှုတွေ ပေးစွမ်းတယ်။ ညောင်ပင်ကြီးတွေ တောင်ဘက်မှာ တောင်ကြီးမြို့ရဲ့ သမိုင်းဝင် စာသင်ကျောင်း တစ်ခု ရှိတယ်။ မြောက်ဘက်မှာ ဗုဒ္ဓသားတော်တွေရဲ့ စာသင်တိုက်ကြီး တစ်ခု။

.

အဲဒီ အရာတွေ အကုန်လုံး ကျော်ပြီး ကြည့်လိုက်ရင် တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ တောင်ကြီးမြို့ရဲ့ အထင်ကရ ရွှေဘုန်းပွင့် တောင်တန်း။ ရွှေဘုန်းပွင့် စေတီ၊ ပတ္တမြားလိုဏ်ဂူ၊ ရွှေမုဌောနဲ့ တောင်ကြီးမြို့ သင်္ကေတလို့ ပြောနိုင်တဲ့ မင်္ဂလာတောင်ချွန်းက အတိုင်းသား။ လတ်တလော အသွားအလာ ကန့်သတ်မှုနဲ့ ရပ်ဝေး ဧည့်သည် ဝင်ရောက်မှု မရှိတော့ တောနဲ့ တောင်က သဘာ၀အတိုင်း လှနေတယ် ပြောရလိမ့်မယ်။ ဆိုင်ပေါက်စထဲ ရောက်လာတတ်တဲ့ မိတ်ဆွေ ဧည့်သည်တွေ ဆိုင်ရှေ့နား ထိုင်ဖြစ်ရင် အဲဒီ ရှုခင်းကို ကြည့်ပြီး စိတ်အပန်း ဖြေကြတယ်။ တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ တောင် ကျောကြီး တစ်ခုလုံး မျက်စိတစ်ဆုံး အစအဆုံး မြင်ရတဲ့ ရှားပါး နေရာလေး တစ်ခု။ တစ်ခြမ်းစောင်း မြင်ရတာ မဟုတ်ဘူး။ ဟိုတစ်ကွက် ဒီတစ်စ မြင်ရတာ မဟုတ်ဘူး။ တောင်ကျောကြီး တစ်ခုလုံး အလယ်တည့်တည့်က မြင်နေရတာ။

.


 

တောင်နဲ့ မြောက် သွယ်နေတဲ့ ရွှေဘုန်းပွင့်တောင်တန်း၊ အသက်ကြီးရင့်နေတဲ့ ညောင်ညိုပင်အို၊ မိုးရာသီရောက်လို့ ရေပြည့်နေတဲ့ ကန်။ တောင်ကြီးမြို့က နေရာတစ်ခုတည်း ကွက်ကြည့်ရင်တောင် အလှတရားတွေ အပြည့်နဲ့။ နေရာလေးက အတော် ကြည့်လို့ကောင်းတဲ့ အကွက်အကွင်းလေး။ ရောက်လာတဲ့ မိတ်ဆွေ ဧည့်သည်တိုင်း ပြောစမှတ် ပြုတတ်ကြတယ်။ အားလုံးဆီက တူညီတဲ့ အကြောင်းခြင်းရာလေး တစ်ခုတော့ မှတ်ချက် ပြုကြတယ်။ ရှုခင်းက ကြည့်လို့ ကောင်းတယ်။ ကုန်းမြင့်လေးပေါ်က ဆိုတော့ တောင်တန်းကြီးရဲ့ အလှကို စိတ်ကြိုက် ခံစားလို့ရတယ်။ ဒါပေမဲ့ မျက်လုံးရှေ့မှာ ပင့်ကူမျှင်လို ရှုပ်ထွေးနေတဲ့ ကြိုးတွေက စိတ်ပျက်စရာ ကောင်းတယ်တဲ့။ တောင်တန်းကြီးရဲ့ အလှကို ခံစားပြီးရင် လူတိုင်းဆီက တူညီတဲ့ မှတ်ချက်။ ကြိုးတွေက ပင့်ကူမျှင်တွေထက်တောင် စိတ်ပျက်စရာ ကောင်းအောင် ရှုပ်နေတယ်။

.

ကြိုးတွေ သွယ်တန်းထားတဲ့ အနေအထားက သူတို့တွေ စိတ်ပျက်စရာလို့ မှတ်ချက် ပြုမယ်ဆိုလည်း ပြုချင်စရာ။ အဆိုးဆုံးက ဆက်သွယ်ရေး ကေဘယ်လ်ကြိုးတွေ။ တိုင်တွေကိုလမ်းမဘေး ကြုံသလို ထိုးစိုက်။ အိမ်အပေါက်နား ဖြစ်နေလား၊ လမ်းသွား လမ်းလာတွေ အဆင်ပြေပါ့မလား၊ အိမ်ရှေ့တည့်တည့် သွားစိုက်လို့ အိမ်ရှင် ကြိုက်ပါ့မလား ဆိုတာ သူတို့ ခေါင်းထဲရှိပုံ မရဘူး။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် တိုင်တွေ စိုက် ကြိုးတွေ ဖြစ်သလို သွယ်နဲ့ စိတ်ပျက်စရာတော့ အကောင်းသား။ လူသွားလို့ မလွတ် ကားသွားလို့ အဆင်တဲ့ ဒီလိုတိုင်စိုက် ကြိုးသွယ် လုပ်တာတွေ ဘယ်လို ခွင့်ပြုချက်နဲ့ ဆောင်ရွက်ကြတယ်တော့ မပြောတတ်။ စီစစ် ကြပ်မတ်မှု မရှိရင်တော့ အောက်ခြေဆိုတာ ထင်သလို လုပ်တတ်တဲ့ သဘာမျိုး ရှိကြတယ်။ လက်ရှိ မြင်ရတဲ့ အခြေအနေတွေကတော့ ကြပ်မတ်မှု မရှိသလောက်ဆိုတဲ့ အနေအထား။

.

အခုနောက်ပိုင်း လျှပ်စစ်မီးကြိုးထက် ဆက်သွယ်ရေး ကြိုးတွေက ပိုရှုပ်လာတယ်။ တိုင်စိုက်တာတွေ ကလည်း သူတို့ အဆင်ပြေမယ်ထင်တဲ့ နေရာ စိုက်ကြလားတော့ မပြောတတ်ဘူး။ တချို့နေရာတွေဆို အိမ်ရှင် ခွင့်ပြုချက် မရှိဘဲ တိုင်တွေ စိုက်ချင်သလို စိုက်သွားကြတယ်။ လမ်းမြေပေါ် စိုက်တာဆိုတဲ့ ပုံစံနဲ့ပေါ့။ လမ်းပေါ် စိုက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ အဝင်အထွက်ကိုတော့ အနှောင့်အယှက် မဖြစ်အောင် စိုက်ဖို့ လိုတာပေါ့။ ဆက်သွယ်ရေးတိုင် အများစု ကြည့်လိုက်ရင် ကြိုးတွေကလည်း ရှုပ်ထွေးနေတာ များတယ်။ တပ်ထားတဲ့ ကြိုးတွေကလည်း နိမ့်တော့ ကုန်တင်ကားကြီးတွေနဲ့ မကြာခဆိုသလို ချိတ်မိတိုက်မိတာတွေ ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်တဲ့အချိန် လျှပ်စစ်မီးကြိုးတွေ မီးတိုင်တွေကို သွားချိတ်မိရင် အန္တရာယ် ဖြစ်တတ်တာတွေ ရှိတယ်။ ဖြစ်နိုင်ရင် ဆက်သွယ်ရေး တိုင်တွေကို ပြန်စိစစ်သင့်တယ်လို့ သုံးသပ်မှုတွေ ရှိလာတယ်။

.

အခုနောက်ပိုင်း ဆက်သွယ်ရေး ကုမ္ပဏီတွေ များလာတော့ သူ့ထက်ငါ အပြိုင်အဆိုင် တိုင်တွေထောင် ကြိုးတွေ သွယ်လုပ်ကြတော့ လမ်းမကြီးဘေးတွေ အပြင်၊ ရပ်ကွက်အတွင်းပိုင်း အထိ ကြိုးတွေက ရှုပ်ထွေးလာတယ်။ မိသားစုသုံး ဝိုင်ဖိုင်အင်တာနက် စနစ် ခေတ်စားလာတော့ ပင့်ကူမျှင်ထက် ဆိုးတဲ့ သပွတ်အူ လိုဖြစ်လာတယ် ပြောရမလားပါဘဲ။ တောင်ကြီးမြို့ရဲ့ အထင်ကရ လမ်းမကြီးတွေဘေး ကြည့်လိုက်ရင် သပွတ်အူထက် ရှုပ်တဲ့ ဆက်သွယ်ရေး ကြိုးတွေ မမြင်ချင် အဆုံး။ ခေတ်နဲ့ အညီ ကမ္ဘာနဲ့ အမီ ဝိုင်ဖိုင်အင်တာနက် ဆိုတာကြီး ဖြစ်လာတာတော့ ပြောစရာ မရှိပေါ့။ ခေတ်မီမီကမ္ဘာနဲ့ ကြည့်မြင်ရမှာကိုး။ ဆိုးတာက လုပ်ချင်သလို လုပ်ထားတာတွေ။ သောက်ဂရုမစိုက်တဲ့ အထာနဲ့ တိုင်တွေ စိုက်ကြတယ်။ လူမလွတ် ကားမလွတ် ကြိုးတွေ တန်းကြတယ်။ မတော်တဆမှု ဖြစ်ရင် လျော်ကြေးတောင်းဖို့ကတော့ အဆင်သင့်။

.

ကျန်ခဲ့တဲ့ ရက်ပိုင်းက တိုက်ခန်းတွဲ တစ်ခုမှာ နေထိုင်တဲ့ မိတ်ဆွေတစ်ယောက်က သူ ကြုံတွေ့နေရတဲ့ ဒုက္ခကို ဓာတ်ပုံရိုက်ပြီး ပို့လာတယ်။ ဓာတ်ပုံနဲ့ အတူ စာတိုလေး တစ်ကြောင်းလည်း ပို့ထားပါတယ်။ ဆက်သွယ်ရေးရဲ့ အင်တာနက်ကြိုးတွေက တိုက်ခန်း ရံတာအတွင်းထိထဲတောင် ရောက်နေပြီ။ တိုင်တွေမှာဆိုလည်း ကြိုးတွေ ချိတ်ချင်သလို ချိတ်၊ ဆွဲချင်သလို ဆွဲကြတယ်။ လုံးစည်းကမ်း မရှိကြဘူးတဲ့။ ပို့လာတဲ့ ဓာတ်ပုံ အနေအထားကြည့်ရင် ဆက်သွယ်ရေး ကြိုးတွေက တိုက်ခန်း ရံတာကို တော်တော်ကြီး ကျူးကျော်နေပါတယ်။ ထပ်ပြီး နိမ့်ကျလာရင် တိုက်ခန်းပိုင်ရှင် ရံတာ ထွက်ဖို့တောင် အဆင်ပြေမယ့် အခြေအနေ ရှိမှာ မဟုတ်တော့ဘူး။ အခန်းပေါက်အထိ ကျူးကျော်နေတဲ့ ဆက်သွယ်ရေး ကြိုးကြည့်ပြီး ဘယ်ကို ဆက်သွယ်ရှင်းခိုင်းရမှန်း မသိလို့ ကြိုးရှုပ်ကြီးကို ငုတ်တုတ် ကြည့်နေရတဲ့ အနေအထား။

.

ဆက်သွယ်ရေး ကြိုးတွေ တပ်ကတည်း အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွဲတွေနဲ့ လွတ်ကင်းရဲ့လား ဆိုတာ တစ်ခါတည်း စိစစ်ပြီး လုပ်ရမှာ။ အခု လုပ်နေတာတွေက သူတို့ အလုပ်ပြီးရင် ပြီးရောဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အခုလိုမျိုး ဆက်သွယ်ရေး ကြိုးတွေ အခန်းပေါက်နား ရံတာ အတွင်းထိ ရောက်နေတော့ ဘယ်ကို ဆက်သွယ်ပြီး လုပ်ခိုင်းရမှန်း မသိဘူး။ ကိုယ့်တိုက်ခန်းကိုယ် နေတာတောင် ဒီကြိုးတွေကို ရှောင်နေရတယ်။ ဒီလိုဖြစ်နေတာတွေက တစ်နေရာတည်း မဟုတ်ဘူး။ တောင်ကြီးမြို့ပေါ် နေရာ အတော်များများမှာ ကြုံတွေ့နေကြရတာ။ တိုက်ခန်းတွဲနေတဲ့ လူတွေက ပိုပြီး သိသာတယ်။ တိုင်တွေစောင်းပြီး ကြိုးတွေ နိမ့်ကျလာရင် အခန်းပေါက်နားထိ ရောက်လာတယ်လို့ ကျောင်းကြီးစု ရပ်ကွက်၊ တူးမြောင်း လမ်းထိပ်နားက ရွှေနှင်းဆီ အိမ်ရာ ၈ ထပ်တိုက်မှာ နေထိုင်သူတစ်ဦးက သူကြုံတွေ့နေရတာကို ပြောပါတယ်။

.

ဟိုမလွတ် ဒီမလွတ် ဆက်သွယ်ရေး ကြိုးတွေနဲ့ နောက်ထပ် ဒုက္ခ ရောက်နေကြတာ ကုန်တင်တွဲကား သမားတွေပါ။ အရှေ့မြို့ပတ်လမ်းဘက် မသိသာပေမယ့် အနောက်မြို့ပတ်လမ်းပေါ် မောင်းတဲ့ ကုန်တင်ကားသမား အများစု မကြာခဒုက္ခဖြစ်တာ တွေ့နေရတယ်။ ကုန်တင်တွဲကား တွေနဲ့ ဆက်သွယ်ရေး ကြိုးတွေ အများဆုံး ချိတ်မိတိုက်မိတဲ့ နေရာက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ မီးပွိုင့်နေရာ။ လမ်းကျယ်သလောက် ကုန်တင်တွဲကားသမားတွေ စိတ်ချလက်ချ မောင်းလို့ မရတဲ့ နေရာပါ။ ဝါးပြားလမ်းဆုံ မီးပွိုင့် ဧရိယာ တစ်ဝိုက် လမ်းမဘေးတိုင်တွေမှာ တပ်ဆင် ထားတဲ့ ဆက်သွယ်ရေး ကြိုးတွေက သပွတ်အူထက်တောင် ရှုပ်ထွေးပါတယ်။ ကြိုးတွေက အတော်ကြီးလည်း နိမ့်ပါတယ်။ မကြာခကုန်တင်တွဲကားတွေနဲ့ ချိတ်မိ တိုက်မိတာတွေ ရှိတယ်။ လွတ်လွတ်ကင်းကင်း မလုပ်ထားတော့ လုပ်စားသလို ဖြစ်နေတယ် ဆိုရမလား။

.

စက်တင်ဘာလ ၂၅ ရက်၊ ည ၇ နာရီခွဲလောက်မှာ ဘက်ဟိုးယာဉ် တင်လာတဲ့ ကုန်တင်တွဲကားနဲ့ ကွမ်ရင် တရုတ်ဘုံကျောင်း အရှေ့ဘက်မှာရှိတဲ့ ဆက်သွယ်ရေးကြိုး ချိတ်မိတယ်။ လမ်းဘေးက သံတိုင်ပါ ကျိုးသွားတော့ ပျက်စီးမှု များတယ် ပြောရမှာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်လာတော့ ကားသမားခမျာ အလျော်အစား ဇယားတွေနဲ့ ရှင်းရပါလေရော။ အမှန်တော့ အဲဒီကားသမား ကံဆိုးပြီး ဈေးဦးပေါက်တယ် ပြောရမှာ။ သူရှေ့ ဖြတ်သွားဖြတ်လာ ကားတွေ နည်းနည်းချင်း ပွတ်လို့ ကြိုးတွေက နိမ့်ပြီးသား။ သူ့တွဲကားပေါ် ပါလာတဲ့ ဘက်ဟိုးကလည်း ပေါက်စလေး။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်ပြီး တွဲကားသမား တိုင်ပတ်သွားတာပေါ့။ လူမလွတ် ကားမလွတ် ဆက်သွယ်ရေး ကြိုးသွယ်တန်းမှုတွေ စိစစ် ကြပ်မတ်မှု မရှိသရွေ့ ကုန်တင်တွဲကား သမားတွေလည်း ခေါက်ကြေးလေးတွေ မျက်ခုံး လှုပ်နေဦးမယ်လို့ ထင်မြင်မိကြောင်းပါ။

.

No comments:

Post a Comment

Journal Download

Photo of three cats

About