နန်းထက်ထက်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အမှိုက် သိမ်းဆည်းရေးလုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
.
“ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ဆိုပြီး စည်ပင်သာယာကနေ ရပ်ကွက်အလိုက် ရပ်ကွက်ရုံးတွေမှာ သွားပြီးတော့ ဆောင်ရွက်မယ့် အခြေအနေကို ရှင်းပြထားပါတယ်။” ဟု ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဟိုပုံးမြို့နယ်အထွေထွေအုပ်ချူပ်ရေးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၁၆ ရက်က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များမှ ယင်းကဲ့သို့ အမှိုက်သိမ်းဆည်းရေး လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေအား အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“အမှိုက်သိမ်းဆည်းရေးကို ပုဂ္ဂလိကက လုပ်မှာ ဖြစ်ပြီး ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပြီး သတ်မှတ်ရက်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် စနစ်တကျ ခွင့်ပြုချက်ယူပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနကနေ ခွင့်ပြုတော့မှာပေါ့။”ဟု အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ပြောဆိုခဲ့သည်။
.
ယင်း အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သည့်အတွက် ပြဿနာ တစ်စုံတရာ မဖြစ်စေရေး၊ စနစ်တကျ ရှိစေရေး၊ ကုမ္ပဏီမှ စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ညွှန်ကြားထားကြောင်းလည်း သိရသည်။
.
“ အမှိုက်ကားတွေ အိမ်ထိ ရောက်တယ်ဆိုတော့ ကောင်းပါတယ်။ အိမ်လည်း သန့်ရှင်းတာပေါ့။ ရပ်ကွက်လည်း သန့်ရှင်းမယ်ပေါ့၊ ဒါပေမဲ့ ပြည်သူကို နစ်နာအောင် လုပ်မယ့် စီးပွားရေးသမားတွေ မြို့မှာ တိုးလာတာမျိုးတော့ မဖြစ်စေချင်ဘူး၊ ဝန်ထမ်းတွေဆိုတာ ခဏနေရင် ပြောင်းသွားမှာ၊ ကျန်ခဲ့မှာက ပြည်သူတွေပဲ၊ ဒါကို ပြည်သူ့ကိုယ်စားလှယ်(လွှတ်တော်ကိုယ်စားလှယ်) တွေက နားလည်ဖို့ လိုပါမယ်၊” ဟု ဟိုပုံးမြို့ ဒေသခံ တစ်ဦးက ပြောသည်။
.
အမှိုက် သိမ်းဆည်းရေး ဝန်ဆောင်ခ အနေဖြင့် တစ်အိမ်လျှင် တစ်လအတွက် အနိမ့်ဆုံး ၅၀၀ ကျပ်မှ အမြင့်ဆုံး ၃၀၀၀ ကျပ်ထိ သတ်မှတ်ထားပြီး စီးပွားရေးလုပ်ငန်း ဖြစ်သည့် ပုဂ္ဂလိကအိမ်ဆိုင်၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ မင်္ဂလာခန်းမ စသည်တို့အတွက် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ သတ်မှတ်ထားကြောင်း သိရသည်။
.
ဟိုပုံးမြို့ပေါ်တွင် ရပ်ကွက် ၆ ခု ရှိပြီး အိမ်ခြေစုစုပေါင်း ၃၇၇၁ စု တည်ရှိကာ ကုမ္ပဏီမှ မော်တော်ယာဉ် ၁၁ စီး၊ ဝန်ထမ်း ၃၂ ဦးဖြင့် အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ပြီး ယင်း အစီအစဉ်အပေါ် ကန့်ကွက်လိုသူ ပြည်သူများ အနေဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနသို့ ခိုင်လုံသော အကြောင်းပြချက်၊ အထောက်အထားများဖြင့် ကန့်ကွက်နိုင်ကြောင်း သိရသည်။
.
#KBZTai #Shan #News #NangHtetHtet
.