ချင်းရွှေဟော်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်များအား ကန့်သတ်ပိတ်ဆို့မှုက ကွမ်းလုံဘက်ခြမ်းအထိ သက်ရောက်မှု ရှိလာနေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းရွှေဟော်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်များအား ကန့်သတ်ပိတ်ဆို့မှုက ကွမ်းလုံဘက်ခြမ်းအထိ သက်ရောက်မှု ရှိလာနေ ဟုဆို

မင်းဇော်မင်း

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်များ ကန့်သတ် ပိတ်ဆို့မှုက ကွမ်းလုံဘက်ခြမ်းအထိ သက်ရောက်မှုများ ရှိလာနေသည်ဟု ဒေသခံများထံက သိရသည်။

.

.

“ချင်းရွှေဟော် သံတံတားအထိပဲ ကားတွေ တန်းစီလို့ရတယ်။ ဒရိုင်ဘာ၊ စပယ်ယာတွေ ဝင်လို့မရဘူး။ ဒီတော့ ဖောင်ဆိပ်အထိပဲ ကားတွေ တန်းနေရတာ စီးရေ ၃၀၀ လောက် အနည်းဆုံးရှိတယ်။ ထပ်လာနေတာတွေလည်း ရှိတယ်။ ကားတစ်စီးကို ၂ ယောက်နှုန်းတွက်ရင် လူ ၆၀၀ ပဲ။ အဲဒီထဲမှာ တစ်ယောက်ယောက်က ရောဂါပိုး ပါလာရင် ဒီကရွာတွေ ကူးခံရမှာ ကြောက်ကြတယ်။ ဒေသခံတွေက ကုန်မကူးရတာထက် ရောဂါ ကူးစက်ခံရမှာ ပိုကြောက်နေကြတယ်” ဟု ကွမ်းလုံမြို့နယ် စံပြကျေးရွာမှ ဦးညီညီနိုင်က ပြောသည်။

.

ချင်းရွှေဟော်နှင့် မိန်းတိန်ဘက်သို့ ပုံမှန်သွားလာနေသည့် ဒေသခံများကိုပင် ခွင့်မပြုသည့်အတွက် လမ်းတွင် ကားများ စုပုံနေခြင်းဖြစ်ကြောင်းနှင့် ကုန်ကားများအနေဖြင့် သတင်းမေးမြန်းပြီးမှသာ တက်လာရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ချင်းရွှေဟော်မြို့၊ သံတံတားအထိသာ လူများ၊ ကားများ သွားလာခွင့် ရသည့်အတွက် ပြည်တွင်းမှကားများ ရပ်ရွာ အတွင်း ဝင်ရောက်ရပ်နားစောင့်ဆိုင်းခြင်း မပြုနိုင်ရန်နှင့် လမ်းပိတ်ဆို့မှု မဖြစ်စေရန်အတွက် ကျေးရွာ ၈ ရွာ စုပေါင်း သဘောတူညီမှုဖြင့် ကားများကို ထိန်းချုပ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

စံပြကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာအကြား ရပ်တန့်နေသော ကားများကို စက်တင်ဘာလ ၂၄ ရက်မှ စတင်၍ ချင်းရွှေဟော်ဘက်သို့ အစီးရေ ကန့်သတ်ထိန်းချုပ် စေလွှတ်နေလျက်ရှိကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ကွမ်းလုံသို့ လာရောက်ကွင်းဆင်း၍ အခြေအနေများကို မျက်မြင် ကြည့်ရှုစေလိုကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

.

ယင်းကဲ့သို့ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက် နေသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကိုယ်စား မြန်မာနိုင်ငံရေထွက်ကုန် (ငါးရှဉ့်) လုပ်ငန်းရှင်များ အသင်းက စက်တင်ဘာလ ၂၇ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ လိပ်မူ၍ စာတင်ပြထားကြောင်း သိရသည်။

.

“ဒရိုင်ဘာ၊ စပယ်ယာတွေ မပါတော့ ယာဉ်တွေ၊ ကုန်တွေ ချို့ယွင်းမှုတွေ ပေါ်ပေါက်ရတယ်။ ဒေသခံတွေကျေနပ် နိုင်မယ့် ကျန်းမာရေးထောက်ခံစာလည်း လုပ်ချင်ပါတယ်။ အမြန်ဆောင်ရွက်ပေးနိုင်ဖို့၊ ဒါမှမဟုတ်ရင်လည်း ဖြစ်ပေါ် နေတဲ့ အခြေအနေအပေါ်မှာ သင့်တော်တဲ့ အစီအမံတစ်ခု ညွှန်ကြားပေးနိုင်ဖို့ အကြံပြုတင်ပြတာပါ” ဟု မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတိုင်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

COVID-19 ရောဂါ အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ကုန်စည်ကူးသန်းမှုကို မထိခိုက်ဖို့ လမ်းညွှန်ထားတာ ရှိသလို ဒီအပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံ့ဝင်ငွေ ထိခိုက်မှု၊ စားဝတ်နေရေးထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့ လိုပါတယ်။ ကုန်စည်ကူးသန်းမှုကို အရင်အတိုင်းဖွင့်ပေးမှသာ အဆင်ပြေမှာဖြစ်ပါတယ်” ဟု လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော် ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာကလည်း ပြောဆိုခဲ့သည်။

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ချင်းရွှေဟော်မြို့ကို စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ Lockdown ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ တစ်ရက်လျှင် ကုန်တင်ကား စီရေ ၅၀ ခန့်ကို ချင်းရွှေဟော်အဝင်တွင် တစ်ကြိမ်၊ တရုတ်နယ်စပ်တွင် တစ်ကြိမ် ယာဉ်မောင်း အစားထိုးစနစ်ဖြင့် ဝင်ရောက်ခွင့် ပြုနေခြင်းဖြစ် ကြောင်း သိရသည်။

.

ဒေသဦးစီးအဖွဲ့၏ ထုတ်ပြန်ချက်များကို ယခုအချိန်ထိ ရုပ်သိမ်းခြင်းမရှိသေးသည့်ပြင် ယင်းထုတ်ပြန်ချက်ပါ ကျန်းမာရေးထောက်ခံချက်များဖြင့်လည်း ဝင်ရောက်ခွင့် မပြုကြောင်းနှင့် စက်တင်ဘာလ ၂၇ ရက်အထိ တရုတ်နိုင်ငံ သို့ ဝင်ခွင့်ရရန် ကားစီးရေ ၃၀၀ ကျော် ရပ်တန့်စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats