.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်၌ ပြီးခဲ့သည့် ရက်ပိုင်းက လူကို ပုလင်းဖြင့် ရိုက်ကာ ဆိုင်ကယ် လုယက်သူများအနက် ၅ ဦးအား စက်တင်ဘာလ ၁၂ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
“ လူငယ် ၂ ယောက်က ညဈေးတန်းကို ထမင်းစားဖို့ သွားတာ ရပ်ကွက်(၈) အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရိုက် လုခံရတာပါ။ ကျန် မမိသေးတဲ့ သူတွေကိုလည်း လိုက်လံ စုံစမ်းနေပါတယ်၊” ဟု လားရှိုးမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်ကျော်က ပြောသည်။
.
လားရှိုးမြို့နေ မောင်သန့်ဇင်အောင်နှင့် မောင်ဇော်မျိုးအောင်တို့ ၂ ဦးသည် စက်တင်ဘာလ ၁၀ ရက် ည ၁၀ နာရီခွဲခန့်တွင် လားရှိုးမြို ညဈေးတန်းသို့ ဆိုင်ကယ် စီးနင်း သွားရောက်စဉ် ရပ်ကွက်(၈) အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ အရောက်၌ နောက်မှ ဆိုင်ကယ် ၃ စီးဖြင့် လူ ၇ ယောက် လိုက်လာပြီး လူငယ် ၂ ဦး စီးလာသည့် ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်ကာ တစ်ဦးမှ ပုလင်းဖြင့် လူငယ်တစ်ဦး၏ ခေါင်းကို ရိုက်ကာ နောက်တစ်ဦးမှာ ဆိုင်ကယ်အား မောင်း ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပုလင်းဖြင့် ရိုက်၍ ဆိုင်ကယ် လုယက်သူများအား လားရှိုးမြို့မရဲစခန်း၌ (ပ) ၄၆၉ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူ ၇ ဦးအနက် ပုလင်းဖြင့် ရိုက်သူ မာဒီး(ခ) အိုက်ဆာကို ဟူးမွန်အုပ်စု၊ ဂျန်မိုင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ ခမ်းလျန်း(ခ) စိုင်းခမ်းလှိုင်ကို ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ ညောင်ဦးလမ်းတွင် လည်းကောင်း၊ စိုင်းထွန်းလင်း(ခ) အိုက်ကွေ့ကို နယ်မြေ(၂)၊ ခိုင်ရွှေဝါလမ်းသွယ်တွင် လည်းကောင်း၊ အိုက်စိုင်း (ခ) စိန်အောင်ကိုအား ရပ်ကွက်(၅)၊ နယ်မြေ(၃)၊ ခိုင်ရွှေဝါလမ်းတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး လုယက်မှုတွင် အဓိက ဦးဆောင်သူများဖြစ်သည့် အိုက်ခေးနှင့် မာတူးတို့ ၂ ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။