ရပ်စောက်မြို့နယ်တွင် ရာအိမ်မှူးက ရွာသားတစ်ဦး၏ အိမ်ခြံဝန်းအား သိမ်းယူရန် ကြိုးပမ်းနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် ရာအိမ်မှူးက ရွာသားတစ်ဦး၏ အိမ်ခြံဝန်းအား သိမ်းယူရန် ကြိုးပမ်းနေဟု ဆို

ထမံသီ
.
ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ခဲဟီးကျေးရွာရှိ အိမ်ပိုင်ရှင်ဟု ဆိုသူ ဦးအောင်မြ၏ အိမ်ခြံဝန်းအား ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမွန်းက ၎င်းဆန္ဒအရ ထုတ်ပြန်လေ့ ရှိသည့် ဒေသန္တရအမိန့်ကို အသုံးပြု၍ သိမ်းဆည်းရယူရန် ကြိုးပမ်းနေကြောင်း ဦးအောင်မြ၏ ပြောပြချက်အရ သိရသည်။
.


“ ခြံဝန်းကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ဦးမွန်းရဲ့ စပါးတိုက်ခအဖြစ် ကျွန်တော် ရတားတာ။ အဲဒီတုန်းက တောခြုံကြီး တစ်ခုပါ။ အဲဒီလို ရယူထားမှန်းလည်း သက်သေတွေ ရှိပါတယ်။ ကျွန်တော်တို့ မိသားစု မရှိတုန်း ခြံဝန်း တစ်ခြမ်းမှာ အဆောက်အဦ ဆောက်ဖို့ ဖောင်ဒေးရှင်း ဝင် တည်တယ်။  အိမ်နဲ့ မလွတ်လို့ ဆိုပြီး အိမ်ရှေ့ဈေးဆိုင်နဲ့ တွဲဆောက်ထားတဲ့ အိမ်မကြီးကို ဖြိုချတယ်။ ဖျက်ပြီး သွပ်မိုးတွေကို သူ့တောင်ယာတဲမှာ ယူမိုးတယ်။ လိုရင် ပြန်ပေးမယ် ပြောတယ်။ အခု မိုးထဲလေထဲမှာ မိသားစု နေ နေရတယ်။ သက်ဆိုင်ရာဌာနတွေဆီ တင်ပြတော့ ကျောက်ဂူနယ်မြေခံရဲစခန်းက တစ်ခါ ကွင်းဆင်း လာကြည့်တယ်။ ရွာမှာဆို ဦးမွန်းကို ကြောက်ကြ တယ်။ ဘယ်သူ ဘာပြဿနာ ဖြစ်ဖြစ် ရွာကနေ မောင်းထုတ်ပြီး ခြံဝန်းတွေကို အနည်းဆုံးဈေးနဲ့ ဖြစ်စေ၊ သိမ်းယူလေ့ဖြစ်စေ လုပ်တယ်။” ဟု ဦးအောင်မြက ပြောသည်။
.
ဦးအောင်မြသည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံရပြီးနောက် ၎င်း၏ နေအိမ်သို့ ပြရောက်စဉ် ရာအိမ်မှူးမှ ၎င်းနေအိမ်အား ဖျက်စီးထားပြီး အိမ် ခြံဝင်းအားလည်း ကျေးရွာပိုင်အဖြစ် သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း၊ ခြံဝန်းအတွင်းရှိ နေအိမ်နှင့် တဲတစ်လုံးကို ဖြိုချ ဖျက်စီး၍ အိမ်ဆောက်ရန် ဝယ်ယူ စုဆောင်းထားသည့် ပျဉ်တစ်စုံ၊ အိမ်သုံးပစ္စည်းနှင့် လက်ဝတ်ရတနာ အနည်းငယ်တို့လည်း ပျောက်ဆုံးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
.
အဆိုပါ ဦးအောင်မြ၏ ပြောဆိုမှုများနှင့် ပတ်သက်၍ ရာအိမ်မှူးဦးမွန်းထံသို့ သွားရောက် တွေ့ဆုံမေးမြန်းရာ အဆိုပါအကွက်ကို အခြားလူ တစ်ဦးထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း၊ ထိုသူမှာ တောင်လေးလုံး အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရပြီး၊ ခြံဝန်း ပိုင်ဆိုင်ကြောင်းကို ရပ်မိရပ်ဖ သက်သေများ ရှိကြောင်း၊ အိမ်ကို ဖျက်ခြင်းမှာလည်း မဟုတ်ရဘဲ လေးပြင်းတိုက်ခတ် ပြိုလဲခြင်းကြောင့် ဝင်ရောက် ရှင်းလင်းပေးခြင်းသာ ဖြစ်ပြီး ခြံဝန်းအတွင်း ဖောင်ဒေးရှင်း ဆောက်လုပ်ခြင်းကိုမူ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
.
ယင်း ခြံဝန်းပိုင်ဆိုင်မှု အငြင်းပွားနေခြင်းနှင့် ပတ်သက်၍ ကျောက်ဂူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ခြံဝန်းအား ၎င်းတို့ ၂ ဦးကို ထက်ဝက်ဆီ ပိုင်းယူရန် ဆုံးဖြတ်ပေးထားပြီး အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်အပေါ် ဦးအောင်မြက လက်မခံကြောင်းလည်း သိရသည်။
.
လက်ရှိတွင် အငြင်းပွား ခြံဝန်းနှင့် ပတ်သက်၍ ဦးအောင်မြက ရပ်စောက်မြို့နယ်တရားရုံးသို့ သြဂုတ်လ ဒုတိယအပတ်တွင် ဦးတည်လျှောက်ထား တိုင်တန်းထားကာ ဦးမွန်းကလည်း ပြန်လည် တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။
.
ကျောက်ဂူကျေးရွာသည် ရပ်စောက်မြို့မှ ၅၆ မိုင် အကွာတွင် တည်ရှိပြီး အဆိုပါ ဒေသတွင် ယခင်က လက်နက်ကိုင်အချို့ ဖြတ်သန်းသွားလာရာဒေသ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိတွင် ငြိမ်းချမ်းမှု ရှိလာသဖြင့် ဒေသခံများ အေးချမ်းစွာ လုပ်ကိုင် စားသောက်နေထိုင်လျက် ရှိသော်လည်း အချို့သော ကျေးရွာအာဏာပိုင်များကက ဒေသခံများအပေါ် ၎င်းတို့ဆန္ဒ သဘောအရ ဒေသန္တရအမိန့်များ မကြာခဏ ထုတ်ပြန်၍  မတရားသဖြင့် အုပ်ချုပ်လေ့ရှိကြောင်း ဒေသခံ အချို့၏ ပြောဆိုချက်အရ သိရသည်။



Journal Download

Photo of three cats