မင်းဇော်မင်း
.
ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ ရွှေတောင်ကြား၊ မိုင်းတောင်တူးရပ်ရှိ နေအိမ် တစ်ခုတွင် စက်တင်ဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းက စကားများရာမှတဆင့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ ရွှေတောင် ကြား၊ မိုင်းတောင်တူးရပ် နေသူ မမိုးဦးသည် နေအိမ် မျက်နှာချင်းဆိုင်ရှိ အစ်မဖြစ်သူ မထွေးစိန်၏ ခြံဝန်းအတွင်း ရပ်ထားသည့် ၎င်းပိုင် ဆိုင်ကယ်အား မောင်ဖြစ်သူ ကိုမိုးမင်းအား သွားရောက် ယူခိုင်းခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆိုင်ကယ် သွားယူစဉ် မထွေးစိန်နှင့် ၄င်း၏ခင်ပွန်းဖြစ်သူ ချစ်မင်းသူတို့ စကားများ ရန်ဖြစ်နေ၍ ကိုမိုးမင်းမှ ချစ်မင်းသူအား “ ခင်ဗျား ပါးစပ်ပိတ်တော့၊ ခင်ဗျား လွန် လွန်းနေပြီ။” ဟု ပြောပြီးနောက် ကိုမိုးမင်းနှင့် ချစ်မင်းသူတို့ တစ်ယောက်တစ်ခွန်း စကားများခဲ့ကြကြောင်း၊ ဆက်လက်၍ တစ်ရပ်ကွက်တည်းနေ ကိုဇော်မင်းထွန်း၏ နေအိမ်၌ မိုးမင်းနှင့် ချစ်မင်းသူတို့ ထပ်မံ စကားများကြရာ ချစ်မင်းသူမှ ကပ်ကြေးဖြင့် ကိုမိုးမင်းအား ထိုးခဲ့ခြင်းကြောင့် ကိုမိုးမင်းတွင် ဝဲဘက် နံစောင်း ထိုးသွင်းဒဏ်ရာ၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၊ ဝဲလက်ပြင် ထိုးသွင်းဒဏ်ရာ ယာနို့အောက် ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက် လက်မောင်းရင်း ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ လူသတ်မှု ကျူးလွန်ပြီးနောက် ချစ်မင်းသူသည် ထွက်ပြေးနေသဖြင့် ကလောမြို့မရဲစခန်းမှ (ပ) ၁၃၄/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ထွက်ပြေးတရားခံအား လိုက်လံ ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။
.