အေးသာယာတွင် ထောက်ခံစာ ပြုလုပ်ရာ၌ ငွေကြေး တောင်းခံနေကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မဟုတ်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာတွင် ထောက်ခံစာ ပြုလုပ်ရာ၌ ငွေကြေး တောင်းခံနေကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မဟုတ်ဟု ဆို


မင်းမင်း
.
တောင်ကြီးမြို့နယ်အေးသာယာမြို့အမှတ်() ရပ်ကွက် COVID-19 ကာကွယ် ထိန်းချုပ်ရေး အဖြစ် နေထိုင်ကြောင်း ထောက်ခံစာ ပြုလုပ်သည့်သူများထံမှ ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ဇနီး ဖြစ်သူက ငွေကြေး ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
.
ထောက်ခံစာ ပြုလုပ်တဲ့အချိန်မှာ စာရွက်စာတမ်းဖိုး ၅၀၀ ၊ ၁၀၀၀ လောက် ပေးရရင်ကို အဆင်ပြေသေးတယ်။ အခုက ထောက်ခံစာ တစ်ရွက်ကို ၂၀၀၀ ပေးရတယ်။ ဘယ်သူ လာယူယူ ထောက်ခံစာတစ်ရွက်ကို ၂၀၀၀ ပဲ၊ ကျွန်တော် ၅၀၀၀ တန် ပေးတာကို ၃၀၀၀ ပြန် အမ်းတယ်။ အခုလို COVID ကာလ ကြပ်တည်းနေတဲ့ အချိန်မှာဆို ပိုတောင် မဖြစ်သင့်ဘူး။” ဟု ငွေကြေး ပေးဆောင်ခဲ့ရသူ အေးသာယာမြို့၊ အမှတ်() ရပ်ကွက်နေ ဦးဖြူ (အမည်လွှဲ) ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ယင်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးကလည်း “ အုပ်ချုပ်ရေးမှူးရဲ့ မိန်းမ(ဇနီး)က တောင်းတာ၊ ၂ ယောက်စာ သွားလုပ်တာ၊ ၂၀၀၀ ဆိုလို့ ၂၀၀၀ ပေးတော့ တစ်ယောက်ကို ၂၀၀၀ လို့ ထပ်ပြောတာမို့၊ ၄၀၀၀ ပေးခဲ့ရတာပါ။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ အုပ်ချုပ်ရေးမှူးရဲ့ အိမ်မှာ သွားပြီး ထောက်ခံစာ ယူရတာပါ။” ဟု ပြောသည်။
.

အဆိုပါ ဒေသခံများ၏ ပြောဆိုမှုအပေါ် အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်းရာတွင် ထောက်ခံစာ လာရောက် လုပ်ဆောင်သည့် ရပ်ကွက်နေ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှု မရှိဘဲ ထောက်ခံစာကို ပြုလုပ်ပေးနေပြီး ငွေကြေး လုံးဝ မယူကြောင်းနှင့် ယခင်ကတည်းက မကောက်ခံကြောင်း ပြောဆိုခဲ့သည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖြစ် ခရီးသွားလာသူများ၏ နေရပ်အမှန် သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများဖြင့်သာ ခရီးသွားလာခြင်း ပြုရန် သက်ဆိုင်ရာက ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။
.
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မ ၁၁(ခ)တွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်ဟု ဖော်ပြပါရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် လစဉ် ချီးမြှင့်ထောက်ပံ့ငွေ၊ သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများအတွက် ရုံး အသုံးစရိတ်များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ် လျာထားရမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats