ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ လာမည့် အောက်တိုဘာလ ၂ ရက်တွင် ဆွမ်းဆန်တော်များ လှူမည် ဖြစ်ကြောင်း သိရသည်။
.
ကလောမြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒအား ခံယူ၍ နှစ်စဉ် ဝါဆိုလပြည့်ကျော် ၁ ရက်တွင် ဆွမ်းဆန်တော် လောင်းလှူမှု ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖြူရောင် တွဲလက်များ ပရဟိတအသင်းတို့ ပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းများ အရောက် ဆွမ်းဆန်တော် ကပ်လှူရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆွမ်းဆန်တော်လှူရန်အတွက် အလှူရှင် အသီးသီးတို့က ယနေ့ (စက်တင်ဘာလ ၂၉ ရက်)ထိ ဆန် (၂၄ ပြည်) ၁၅၁၉ အိတ်၊ ဆန် (၁၂ ပြည်) ၆၆ အိတ်၊ ဆန် (၆ ပြည်) ၁၇၇ အိတ်နှင့် ဆီ ၁၉၅၁ ပိဿာ ရှိကြောင်း အဖြူရောင် တွဲလက်များ ပရဟိတအသင်းမှ ဦးသားသားထံမှ သိရသည်။
.
အဆိုပါ ဆွမ်းဆန်တော်လှူခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ အောင်ချမ်းသာစာသင်တိုက် ဆရာတော်ထံမှ အောက်တိုဘာလ ၁ ရက်တွင် တရားတော်နာ၍ အောက်တိုဘာလ ၂ ရက်တွင် အောင်ပန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာ ၉၄၄ ပါးအား လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
.