စုလှိုင်
.
တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် ၊ နီလာရိုးမ ဓာတ်ဆီဆိုင်အနီး ၊ ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်နေသော အမှတ်(၁၄)ရဲသတင်းတပ်ဖွဲ့ခွဲ(SB)မှ ရဲတပ်သား ၃ ဦးအား မော်တော်ယာဥ်ဖြင့် ဝင်တိုက်မိပြီး မောင်းနှင် ထွက်ပြေးသူအား စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းက ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းအတိုင်း SB မှ ရဲတပ်သားများ ဖြစ်သည့် အောင်ညီညီဇင် ၊ သီဟအောင်နှင့် အောင်ရဲဇော် ၃ ဦးတို့သည် ရုံးမှ နေအိမ်တန်းလျားသို့ စက်တင်ဘာလ ၁၇ ရက်၊ ညပိုင်းက လမ်းလျှောက် ပြန်စဥ် အေးသာယာမြို့နေ ယာဥ်မောင်း အသက် ၂၇ နှစ် အရွယ်ရှိ ခွန်ကျော်ခေါင် (ခ)တခေါင် မောင်းနှင်သည့် ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဥ်တိုက်မှုကြောင့် ရဲတပ်သား အောင်ညီညီဇင်တွင် ဝဲဦးခေါင်း ပေါက်ပြဲ၊ ဝဲ/ယာ နားရွက်ပြတ်ရှ၊ ယာပုခုံးပေါက်ပြဲ၊ ဝဲ/ယာ ခြေသလုံးပွန်းပဲ့ ဒဏ်ရာ (စိုးရိမ်ရ ) ၊ ရဲတပ်သား သီဟအောင်တွင် ဝဲမျက်နှာပွန်း ၊ ယာပေါင် ပေါက်ပြဲနာကျင် ၊ ဝဲ/ယာ ခြေထောက်ပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ )နှင့် ရဲတပ်သား အောင်ရဲဇော်တွင် ဝဲဦးခေါင်းဂျိုစောင်း ပေါက်ပြဲ ၊ ယာခြေထောက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ )ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဥ်အား မဆင်မခြင် မောင်းနှင် တိုက်ပြေးသွားသူ ခွန်ကျော်ခေါင် (ခ) တခေါင်အား အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ လိုက်လံ စုံစမ်း ရှာဖွေရာ တောင်ကြီးမြို့ ၊ ဟော်ကုန်းရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အိမ်အမှတ်(၁၀) တွင် ဖမ်းမိခဲ့ပြီး တောင်ကြီးမြို့မ ရဲစခန်း၌ ယာဥ်(ပ) ၂၁/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ - ၂၇၉/၃၃၇/ ၃၃၈/၂၀၂ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။