မင်းဇော်မင်း
.
သီပေါမြို့၊ ရွှေကျောင်းရပ်ကွက်ရှိ နေအိမ်တစ်ခု၌ စက်တင်ဘာလ ၆ ရက်၊ ညပိုင်းတွင်
အမည်မသိ တစ်ဦးက အမျိုးသမီး တစ်ဦးအား သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သဖြင့် ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
" ခြေထောက် မှန်တာ ဖြစ်လို့ ဆိုင်ကယ်နဲ့ပဲ ဆေးရုံကို သွားပို့တာလို့ သိရတယ်၊ အခုလူနာကတော့ ဆေးရုံမှာ ကုသနေပါတယ်။" ဟု သီပေါလူငယ်လူမှုရေးအသင်းမှ ကိုတူးလီက ပြောသည်။
.
သီပေါမြို့၊ ရွှေကျောင်းရပ်ကွက်၊ တိန်းချေ-တိန်းစံသွား ကားလမ်းဘေးရှိ ပန်းပုလုပ်ငန်း လုပ်ကိုင်သူ ဦးစိန်ဝင်း၏ နေအိမ်အတွင်းသို့ စက်တင်ဘာလ ၆ ရက်၊ ည ၇နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားတစ်ဦး ဝင်ရောက်လာကာ " မင်းလား ခြေထောက် မကောင်းတာ " ဟု ပြောဆိုပြီး သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးစိန်ဝင်း၏ အစ်မ တော်စပ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်နန်းပြုံး၏ ယာဘက်ခြေသလုံးတွင် ဖောက်ထွက်ဒဏ်ရာ ရရှိကာ သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အခြေအနေအား သီပေါမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်း အဆက်အသွယ် မရခဲ့ချေ။
.
သီပေါမြို့နယ်တွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်ကလည်း သီပေါမြို့နယ်၊ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာရှိ ကွန်ခိုက်ကျေးရွာအုပ်စု၊ ကုံးမုံကျေးရွာ အနီးတောအတွင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရထားသည့် ရုပ်အလောင်း ၃လောင်း တွေ့ ရှိခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #News #MinZawMin
