သက်ပြင်းအပူကို ချက်ချင်းဘယ်သူ ကူပါ့မယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, September 21, 2020

သက်ပြင်းအပူကို ချက်ချင်းဘယ်သူ ကူပါ့မယ်

ဆဏ်းမောင် (ကွတ်ခိုင်)

.

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်က နလံမထူအောင် ကူး စက်ပြန့်ပွားနေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံလေးဖြစ်တဲ့  ကျုပ်တို့နိုင်ငံ မှာလည်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတယ်။ စီးပွား ရေးတွေ ကမောက်ကမ ဖြစ်လာသလို ပညာရေးမှာလည်း စနိုး စနောင့်ဖြစ်လာတယ်။ လူတန်းစား အလွှာပေါင်းစုံမှာ သူ့နည်း သူ့ဟန်နှင့် ပေခံနေကြရတယ်။ အစောပိုင်း ကာလတွေမှာဆိုရင် အခြေခံလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲကြပ်တည်းလွန်း ကြလို့ အစိုးရက အခြေခံစားသောက်ကုန်တွေ ဝေငှပေးရတဲ့အ ထိပါပဲ။ ရသူကရ၊ မရသူက မရနှင့် နိုင်ငံတစ်ဝန်းမှာ အငြင်းပွား ခိုက်ရန်ဖြစ်ပွားမှုတွေကလည်း မြင်တွေ့ကြားသိခဲ့ကြရပါတယ်။

.

ကျုပ်နေထိုင်ရာ မြို့ကလေးအတွင်းမှာတော့ (၂၀၂၀/ ဧပြီ လ ၅) ရက်နေ့ကစလို့ ကျုပ်ဦးဆောင်ပြီး ဆင်းရဲချို့တဲ့ တဲ့မိ သားစုတွေအတွက် အခြေခံစားသောက်ကုန်တွေကို အိမ်တိုင် ရာရောက် လိုက်လံဝေငှခဲ့ပါတယ်။ သည်လိုဝေငှပေးနိုင်တာ လည်း အလှူရှင်တွေက နောက်ကွယ်က လှူဒါန်းပေးကြလို့ သာပါ။

.

အစောပိုင်းကကျုပ်နှင့် ခင်မင်ရတဲ့ နေ့လုပ်နေ့စား ခက်ခဲ ကြပ်တည်းသူ မိသားစုတွေကို အဓိက ဦးစားပေးပြီး တပိုင်တ နိုင် လိုက်လံပို့ဆောင်ပေးမလို့ပါ။ အခုလိုအချိန်အခါမျိုးမှာ ဘယ်မိသားစုဟာဖြင့် ဘယ်လောက်ကြပ်တည်း ဒုက္ခရောက် နေမယ်ဆိုတာ အခြေခံလူတန်းစား စစ်စစ်ကြီးဖြစ်တဲ့ ကျုပ် ထက် ဘယ်သူက ပိုသိနိုင်မှာလဲဗျာ။

.

ဈေးတောင်ဘက်က ရိန်းဘိုးကုန်စုံဆိုင်ရှင် ကိုကျော်နှင့် ကိုမျိုးကျော်တို့ကလည်း သူတို့ကိုယ်တိုင် ပါဝင်လှူပေးရုံမက သူတို့ကားလေးတွေနှင့် သူတို့ကိုယ်တိုင် လိုက်လံမောင်းနှင်ပြီး ဝေငှရေး လုပ်ပေးကြတယ်။ သည်တော့ တစ်မြို့လုံးမှာရှိတဲ့ ခက်ခဲကြပ်တည်းသူ မိသားစု အတော်များများအတွက် ကျယ် ကျယ်ပြန့်ပြန့် လုပ်ကိုင်ဝေငှနိုင်ခဲ့ပါတယ်။ ဝေငှရေး လှုပ်ရှားမှု ကို တမိုးအောက် လို့ခေါင်းစီးပေးခဲ့ပြီး သည်လိုကပ်ဘေးကာလ မှာ အဆိုးကြောက်တာချင်း တူကြတဲ့ တမိုးအောက်ကလူတွေ အတွက် တမိုးအောက်မှာ ဝေငှလှူဒါန်းပေးကြဖို့ ကျုပ်ရဲ့လူမှု ကွန်ရက်အကောင့်ပေါ်ကနေ ဆော်သြအလှူခံခဲ့ပါတယ်။

.

 


.

မတ်၊ ဧပြီ၊ မေလတွေဟာ အစိုးရနှင့် ကိုရိုနာဗိုင်းရပ်စ် ကာ ကွယ်ထိန်းချုပ်ရေးအတွက် အပြင်းအထန် ဆောင်ရွက်နေတဲ့ ကာလပါပဲ။ လူ ၅ ယောက်ထက် ပိုပြီး စုဖွဲ့လို့မရဘူးလို့ ကြေ ငြာချက် ထုတ်ပြန်လိုက်တဲ့ အခါမှာ ပန်းရံ၊ ဆေးသုတ်၊ နေ့စား အလုပ်သမားတို့ ပိုမိုကြပ်တည်း ခက်ခဲလာကြပါတယ်။ အလုပ် အကိုင်တွေကို ရပ်နားလိုက်တဲ့ အတွက်ကြောင့်ပါ။ အဝတ် လျှော်သည်များလည်း သူတို့ကို ခေါ်ယူခိုင်းစေတဲ့ အိမ်တွေက မခေါ်ကြတော့ပါဘူး။ သူတို့အိမ်မှာ လူဝင်လူထွက် ပိုလာပြီး ပြင် ပကရောဂါသူတို့ဆီကို ကူးစက်လာမှာစိုးတာကြောင့် ဖြစ်ပါ တယ်။

.

လိုအပ်သလို ဆောင်ရွက်လာကြတဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် လမ်းဘေးဈေးသည် များလည်း သူတို့ရောင်းဝယ်သော နေရာများ ကသိကအောင့် ဖြစ်ကြရပါတယ်။ ရှိသလောက် အရင်းအနှီးလေးနှင့် စွန့်စားပြီး ရောင်းဝယ် လုပ်ကိုင်ပါသော်လည်း စားသုံးသူမရှိတော့တာ ကြောင့် ဈေးရင်းလေးပင် ပြုတ်ကြရပါတယ်။ ကုန်စည်စီးဆင်းမှု ပုံမှန်ဆိုသော်လည်း ပုံမှန်ဝင်ငွေရရှိဖို့ မနည်းရုန်းကန်နေကြရ တဲ့ ကုန်တင်ကုန်ချ လုပ်သားများ ကြည့်တော့လည်း အခြေအ နေမဟန်။ အသွားအလာ မရှိတော့သလောက် လူခြေရှင်းနေတဲ့ ကာလ၊ ဈေးဦးပေါက်ဖို့မှ မလွယ်ကြတဲ့မြို့တွင်းခေါက်တို ဆိုင် ကယ် Taxi သမားများလည်း ငေးငေးငိုင်ငိုင် မှိုင်မှိုင်ထွေထွေ။

.

ကလေးတပြုံတမနှင့် ပုံမှန်ဝင်ငွေမရှိတော့တဲ့ မိသားစုတွေ၊ မိသားစုဝင်ထဲမှာ ကျန်းမာရေးချို့တဲ့သူ ရှိတာကြောင့် စိတ် သောကရောက်နေရှာသူတွေ၊ လုပ်နိုင်ကိုင်နိုင်ခွန်အားတွေ ရှိ နေမယ်လို့ လုပ်ကိုင်ဖို့ သည်ကာလမှာ အခွင့်အလမ်းမရှိတဲ့ ကာယလုပ်သားတွေ။ ဘဝအထွေထွေမှာ မပြေလည်မှု ကိုယ်စီ ကိုယ်ငှနှင့် နပန်းလုံးနေကြရတယ်။ အိမ်ငှားတန်းလျားမှာ နေထိုင်ပြီး ကလေးတစ်ပြုံတစ်ခေါင်းနှင့် အဝတ်လျှော်စားသူ အိမ်ရှင်မ။ ယောကျ်ားကမကျန်းမာဘူး။ နေ့စေ့လစေ့ကြီးနှင့် အများသုံးရေတွင်းမှာ သူတစ်ပါးအပ်ထားတဲ့ အဝတ်လျှော်ဖွပ် ရင်း ကလေးမွေးချထားရတဲ့ဘဝ။ ချက်ကြိုးတန်းလန်းနှင့် မွေး လာတဲ့ ကလေးနီတာရဲလေးကို စတီးဇလုံကြီးထဲမှာ ခဏထည့် ထားပြီး သူ့အလုပ်ကိုသူ ပြီးစီးအောင် လျှော်ဖွပ်တယ်။ အလုပ် ပြီးစီးမှ ငွေတိုငွေစလေးရမှာ မဟုတ်လားဗျာ။ မြွေပူရာကင်း မှောင့် ဆိုသလို မကြာပါဘူး။ သူ့လင်သား လူမမာက တိမ်းပါး သွားရှာတယ်။ လူမမယ်လသားအရွယ် အပါအဝင် ဘုစုခရုက လေး ၃ ယောက်နှင့် ကိုဗစ်ကာလမှာ ဖြတ်သန်းရတော့မယ့်  မိန်းမသားတစ်ယောက်အနေနှင့် ဘယ်လောက်များ အားငယ် နေလိုက်မလဲလို့ဗျာ။ ဒါက ကျုပ်တမိုးအောက် ဝေငှရေးလုပ် တော့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။

.

စားရေးကြပ်တည်းနေတဲ့ ကာလမှာ ဆန်၊ ဆီ၊ ဆား ဟင်း ချက်စရာ ထုပ်လေးတွေ ဝေငှလာတော့ သူတို့ဝမ်းသာကြတယ်။ မေလ ၂၀ ရက်နေ့အထိ တမိုးအောက်ဝေငှရေးကို တစ်မြို့လုံးက အခြေခံ လူတန်းစားတွေအတွက် လုပ်ကိုင်ပေးခဲ့ကြပါတယ်။ တမိုးအောက်ဝေငှရေး ပရဟိတအဖွဲ့ကို ရေတိုအနေနှင့် စီစဉ် ခဲ့တာပါ။ မေလကုန်လောက်မှာတော့ ပိုးတွေ့လူနာ အခြေအ နေ အတော်နည်းပါးသွားတာကြောင့် အခြေခံလူတန်းစားတွေ ပုံမှန်အတိုင်း လုပ်ကိုင်လာကြတယ်။

.

ဘယ်သောအခါမှ သည်ရောဂါကပ်က အပြီးသတ်မယ်ဆို တာ ဘယ်သူကမှလည်း အတိအကျ မပြောနိုင်ကြပါဘူး။ ကာ လရှည်လျားစွာ ကူးစက်ပြန့်ပွားနေဦးမယ်ဆိုရင် စားရေးက ကျပ်၊ နေရေးလည်း ခက်လာကြပါလိမ့်မယ်။ ကျုပ်တို့မြို့မှာ တနယ်တကျေးက လာရောက်နေထိုင်ပြီး စီးပွားရှာနေကြတဲ့ အခြေခံလူတန်းစားတွေလည်း အများသားရှိပါတယ်။ နှစ်ရှည်လ များစွာ အိမ်ခန်းငှား နေထိုင်ကြရင်း တချို့ဆိုရင် သည်မြို့ခံတွေနှင့် တသားတည်းလို ဖြစ်နေတာ။ တနည်းပြောရရင် အခြေမကျသော အခြေချ လုပ်ကိုင်နေထိုင်လာကြတာပါ။

.

စားရေးအတွက် မနည်းနပ်မှန်အောင် ရှာဖွေကြရင်း နေ ရေးအတွက်ကို ပူပန်သောက ရောက်ကြရရှာတယ်။ တစ်လ ကုန်တာနှင့် ပေးရတော့မယ့် အိမ်ခန်းငှားခတွေက ကြီးမားတဲ့ စိန်ခေါ်မှုကြီးလို ဖြစ်နေတာ။ သူတို့ကိုဒီအခက်အခဲအတွက် ဘယ်လိုရင်ဆိုင်ကြလဲလို့ ကျုပ်မေးကြည့်တယ်။ စားတာကို ချွေတာပြီး အိမ်ခန်းငှားခကို အဆင်ပြေသလို ဖဲ့ပေးရပါတယ် ဆိုတဲ့ မိသားစုတွေ ရှိသလို မပေးနိုင်လို့ အိမ်ငှားခအကြွေးတင် နေတဲ့ မိသားစုတွေတောင် ရှိနေပါတယ်။ အိမ်ရှင်က သဘော ထားပြည့်ဝပြီး စာနာစိတ်ထားရင် သက်သာပါမယ်။ သည်လိုမှ မဟုတ်ငွေတစ်ခုသာ သိ၊ ငွေတစ်ခုသာကြည့်သော အိမ်ရှင်များ ဖြစ်နေရင် လမ်းဘေးရောက်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။

.

နေထိုင်ရေးအတွက် ဖြစ်စေချင်တဲ့ သူ့ဆန္ဒလေးတွေကို ကျုပ်မေးမြန်းကြည့်တယ်။ အခုလိုကပ်ဘေးသင့်နေတဲ့ သည် ကာလတွေမှာ ရှာဖွေရတာလည်း ခက်ခဲတာမို့ အခန်းငှားခ လ စာတွေကို ပုံမှန်ထက် လျှော့ပြီး အိမ်ရှင်တွေက ယူပေးကြဖို့ ပြောလာကြပါတယ်။ အိမ်ရှင်ကိုတော့ သူတို့ဘယ်လိုလုပ် တိုက်ရိုက်ပြောရဲကြမလဲ။ အိမ်လစာ အပြည့်မပေးနိုင်ရင် ထွက် ဆို သူတို့မှာ လတ်တလော နေစရာဒုက္ခကပိုရောက်လာကြ တော့မှာ။ သူတို့ဆန္ဒကို လိုက်လျောပေးဖို့ အိမ်ရှင်ကိုပြောချင်တဲ့ စကားလုံး ကျုပ်ဆီရောက်လာတယ်။ တစ်မြို့လုံးမှာရှိတဲ့ ဘဝ တူ အိမ်ငှားတန်းလျားမှာနေသူတွေ အားလုံးရဲ့ အိမ်ရှင်တွေ အခုလို သူတို့ဆန္ဒအတိုင်း လုပ်ပေးရင်သိပ်ကောင်းမှာတဲ့ဗျာ။

.

အိမ်ခန်းငှားတန်းလျားတွေရဲ့ အစွန်ကျကျ အခန်းကို ကျုပ် ရောက်သွားတယ်။ ၁၀ ပေပတ်လည် အခန်း၊ ဘေး ပတ်လည် မှာ ရွံချပ်ကာထားတယ်။ ရွံချပ်တွေက ကွာကျနေပြီဆိုတော့ ဟို တစ်ပေါက်၊ သည်တစ်ပေါက်။ လေမတိုးအောင်နှင့် လူမမြင် အောင် ဂျပ်ထူစက္ကူတွေ၊ ဗီနိုင်းစတွေကို ဟိုနေရာကာ၊ သည် နေရာကာပေါ့။ အခန်းလေးထဲမှာ ကလေး ၅ ယောက်နှင့် သူတို့ မိဘ ၂ ယောက်။ ပေါင်း ၇ ယောက်နေကြတယ်။ အခန်းက ကွပ်ပျစ်တစ်လုံးနှင့် ချက်ပြုတ်စားဖို့ ခြေချစရာ။ သည်လောက် သာကျယ်တယ်။ ကလေးတွေကတော့ ကွပ်ပျစ်ပေါ်မှာ မှောက်လျက်၊ ပက်လျက်အနေအထားမျိုးတွေနှင့် အိပ်ပျော်နေကြ တယ်။ အိမ်ထောင်ဦးစီးက ပန်းရံလုပ်တယ်။ အလုပ်ဆင်းရက် က ပုံမှန်မရှိဘူး။ ဇနီးဖြစ်သူက အဝတ်လျှော်တဲ့ အိမ်တွေခေါ်ရင် လိုက်လျှော်တယ်။

.

ကလေးတွေနှင့်အတူ အမှိုက်ပုံတွေမှာ ဘူးခွံ၊ ပုလင်းခွံ လည်းကောက်တယ်။ ဘယ်လောက်ရလဲမေးတော့ ၅၀၀/၁၀၀၀ လောက်ရတာပေါ့ အစ်ကိုရယ်တဲ့။ ကလေးမုန့်ဖိုးလည်း ဖြစ်နိုင်သလို တစ်ခါတလေ ဆန်/ဆီဖိုးတောင် ရတတ်ပါသေးသတဲ့ ဗျာ။ အခုလည်းကလေးတွေ မောမောပန်းပန်းနှင့် အိပ်မောကျ နေတာ ထင်ပါတယ်။

.

ကျုပ်တို့ တစ်မြို့ထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ တစ်နိုင်ငံ လုံးမှာလည်း သည်လိုလက်လုပ်လက်စား မိသားစုတွေ အများ အပြား ရှိနေမှာပါ။ စားရေးအတွက် ရုန်းကန်ရှာဖွေနေရသော သူတို့ဘဝတွေကို အရိပ်မိုးနှင့်တူတဲ့ အိမ်ရှင်တွေက နေရေးအ တွက် တစ်ဖက်တစ်လမ်းက ရင်အေးစေလိုပါတယ်။ နိုင်ငံသား ချင်း ကူညီဖေးမ ရိုင်းပင်းရာလည်း ရောက်ပါလိမ့်မယ်။ မိမိတို့ ရသင့်ရထိုက်တဲ့ အိမ်လစာမှ ပြန်လည်သက်ညှာလျော့ပေါ့ပေး လာမယ့် အိမ်ငှားတန်းလျားများ ပိုင်ရှင်တွေကို မျှော်လင့်မိပါ တယ်။ နေ့စားမိသားစုတွေရဲ့ ချက်ချင်းဘယ်သူကူပါ့မလဲဆိုတဲ့ သက်ပြင်းတွေကို ကိုယ်ချင်းစာနားလည်ပေးရင်းဖြင့်။

No comments:

Post a Comment

Journal Download

Photo of three cats

About