အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၏ အဓိက အချက်အချာဖြစ်သည့် မြို့မဈေးအတွင်း အရောင်း
အဝယ် နည်းပါးလာသဖြင့် ဈေးဆိုင် ခန်းအချို့ ယာယီ ပိတ်သိမ်းထားကြောင်း သိရသည်။
.
COVID-19 ရောဂါ ဖြစ်ပွားလာချိန်မှစ၍ တောင်ကြီးမြို့ပေါ်ရှိ စျေးများအား
ယာယီ ပိတ်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် အလှည့်ကျ စနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း
ယခုအခါ ရောဂါဖြစ်ပွားမှု ပြန်လည် များပြားလာသည့် အတွက် လူစုလူဝေး ရှောင်ရှားလာခြင်းကြောင့်
စျေး အတွင်း ဆိုင်ခန်းများသို့ ဝင်ရောက် ဝယ်ယူသူ နည်းပါးလာခြင်း ဖြစ်ကြောင်း သိရသည်။
.
“ အခုနောက်ပိုင်း ဈေးထဲကို ဝင်တဲ့လူ အတော် နည်းသွားတယ်။ အရောင်းအဝယ်ကတော့
တချို့ ရက်တွေဆိုရင် ဈေးဦး ပေါက်တယ်ဆိုရုံ လောက်ပဲ။ ဈေးဦး မပေါက်တဲ့ရက်တွေက ပို များလာတယ်။
ကိုယ်ပိုင်ဆိုင်ခန်းနဲ့ ဖွင့်တာတောင် အဆင်မပြေတော့ဘူး။ အဲဒါကြောင့် ဆိုင်ပိတ်ပြီး ခဏ
နားထားလိုက်တာပါ” ဟု တောင်ကြီးမြို့မစျေးအတွင်း
အဝတ် အထည်နှင့် အားကစားဝတ်စုံရောင်းချသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အရောင်းအဝယ် ပါးလာသဖြင့် ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်သူများ
အနေဖြင့်လည်း အဆင်မပြေမှုများ ရှိလာနေပြီး ဈေးသည်အချို့မှာ ဆိုင်ခန်းပြန်လည် အပ်နှံမှုများလည်း
ရှိလာကြောင်း သိရသည်။
.
“ ကျွန်မတို့လည်း အခုလိုအချိန်မှာ ကိုယ်ချင်းစာစိတ် ထားပြီး ဆိုင်ခန်းငှားရမ်းခကို
တတ်နိုင်သလောက် လျှော့ပေးပါတယ်။ အရောင်းအဝယ်တွေ ပါးနေတော့ ငှားရမ်းတဲ့လူတွေ ကိုယ်တိုင်
မတတ်နိုင်တော့ဘူးပေါ့။ အခု နောက်ပိုင်း ဆိုင်ခန်း ပြန်အပ်တဲ့လူ တော်တော် များ လာတယ်” ဟု ဆိုင်ခန်းပိုင်ရှင်
တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ဈေးဆိုင်ခန်းပိုင်ရှင် အချို့ အနေဖြင့် ဆိုင်ခန်းငှားရမ်းခများ လျှော့ချပေးသော်လည်း
အရောင်းအဝယ် မရှိသလောက် ပါးနေသည့် အတွက်
ဆိုင်ခန်း ပြန်လည် အပ်နှံသူများလည်း ရှိနေကြာင်း သိရသည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း
၁၈၆၈ ခန်း ရှိပြီး မြို့မဈေးသည် မြို့တော် တောင်ကြီး၏ အထင်ကရ နေရာ တစ်ခု ဖြစ်ကာ တောင်ကြီးမြို့တွင်
မြို့မဈေးအပြင် အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး၊ ရဲဘော်ဈေး၊
ဘူတာဈေးတို့ တည်ရှိသည်။