ကျော်လင်းထွန်း (ချောင်းဦး)
.
နီတိအကြောင်းများလည်း
မကြာမကြာရေးခဲ့ပါသည်။ လောကနီတိ၊ ပြည်သူ့နီတိတွေကို တန်ဖိုးမထား၊ တန်ဖိုးထားရ ကောင်းမှန်းမသိ၊
ပစ်ပယ်ထားကြသူ များလေတော့ ယနေ့ခေတ် သည် ယဉ်ကျေးမှုများ ကွယ်ပျောက်နေလေသည်။ ရှေးလူကြီး
သူမများ၏ ဆုံးမစကားများကို ခေတ်အဆက်ဆက် လက်ဆင့် ကမ်း ထိန်းသိမ်းခဲ့ကြသော စကားပုံများ၊
ဆိုရိုးစကားများကို လေ့လာသူ၊ လိုက်နာသူကား အလွန်နည်းပါး၏။ ထို့ကြောင့်ပင် ရှေးလူကြီး
သူမများ၏ ပြောဆိုဆုံးမမှုများ၊ လောကနီတိ၊ ပြည် သူ့နီတိ ပစ်ပယ်သူများမှာ ကောသလမင်းကြီးအိပ်မက်
၁၆ ချက်နှင့် ကြာလေလေ၊ ကိုက်ညီလေလေဖြစ်နေကြောင်း တွေ့ နေရတော့သည်။
.
ကောသလမင်းကြီး၏ အိပ်မက်
၁၆ ခုမှ တစ်ခုကို အရင် တင်ပြပါရစေ။
`မြေကမကြွ၊ ငယ်လှသစ်ပင်
ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။
အရွယ်မမျှ၊ ပျိုမမယ်ခင်
သမီးသား၊ လင်သားအိမ်ထောင်ချင်`ဆိုသည်မှာ
ဒုတိယ အိပ်မက် ဖြစ်ပါသည်။
.
ယနေ့ခေတ် အလယ်တန်းအဆင့်
အခြေခံပညာကျောင်း သား၊ ကျောင်းသူများ ရည်းစားထားနေတတ်ကြသည်။ ညတိုင်း ညတိုင်း
messenger ကနေ chat ရင်းချစ်ရေးကိုဆို၊ လွမ်းရေး သီနေတတ်ကြသည်။ ဤအခြေအနေကို ခြေရာခံလိုက်ကြည့်
လျှင်ဖြင့်
`ရှေ့ဆောင်နွားလား၊
ဖြောင့်ဖြောင့်သွားမှ
နောက်နွားတစ်သိုက်၊
ဖြောင့်ဖြောင့်လိုက်လိမ့်`ဟူသော ရှေးလူကြီးသူမ ဆိုရိုးကို မသိကြ ပစ်ပယ်ကြ၍ ရှေ့ဆောင်အုပ်
ထိန်းသူ၊ မိဘ၊ အစ်ကို၊ အစ်မများ၏ ညံ့ဖျင်းမှုကို အတုမြင်အ တတ်သင်သော ကလေးမှာ အမှားများနေတော့သည်။
.
ရှေ့ဆောင်နွားလား၊
ကောက်ကောက်သွား၍ နောက်နွား တစ်သိုက် ကောက်ကောက်လိုက်ရခြင်း ဖြစ်ပါသည်။ မိခင်၊ ဖ ခင်နှင့်
အုပ်ထိန်းသူများ၊ အစ်ကို၊ အစ်မများ၊ ဆရာ၊ ဆရာမများ သည် ပညာသင်အရွယ် ကလေးတို့အတွက်တကယ်ရှေ့ဆောင်
လမ်းပြကောင်းများဖြစ်ရန် အရေးကြီးပါသည်။
.
`အစ်ကိုကြီး၊ အဖရာ၊
အစ်မကြီး အစ်မိရာ`ကို အစ်ကိုအစ်မ များက သိရှိတန်ဖိုးထားပြီး ကိုယ့်ညီ/ညီမများအတွက်
ဖေးကူ စောင့်ရှောက်ကြရမည်။ ဤကဲ့သို့ပင် အငယ်များကလည်း
`ကိုကြီးအစ်မ၊ သည်နှစ်ဝကို
မိဘကဲ့သို့ မှတ်ပါလေ`ဆိုသည့်အတိုင်း
အစ်ကိုအစ်မများ အပေါ် မိဘနှင့်မခြား ရိုသေဂါရဝတရား ထားကြရမည်။ အစ်ကို အစ်မများနှင့်
ညီညီမများ အသိအလိမ္မာ အပြန်အလှန် ရိုသေ စေဖို့ ဦးဆောင်ထိန်းညှိပေးရမည်မှာ မိဘ ၂ ပါးပင်
ဖြစ်သည်။ ကလေးများ ဆိုးသွမ်းပျက်စီးနေသည်ကို မြင်တွေ့ရပါက "ဘယ် သူ့ကလေးလဲ"ဟု
မေးသူကမေးကြသည်။
.
`ဘယ်လိုမိဘက မွေးထားတာလဲကွာ`တို့
`တကယ့် မိမဆုံးမ၊
ဖမဆုံးမပဲ`တို့
`သြော် မိမနိုင်၊
ဖမနိုင်ကလေးကို`တို့ဆိုရင်ဖြင့်
`သားသမီးမကောင်း၊
မိဘခေါင်း`ကို မမေ့စေချင်ပါ။
`အမိယုတ် နှုတ်ကြမ်း`ဟူသော
ဆိုရိုးစကားများကို ရင်ထဲ ဦးနှောက်ထဲ ထည့်သွင်း၍ အုပ်ထိန်းသူ မိဘနှင့် သားသမီးများ
မိမိအတွက်၊ မိဘအတွက်၊ သားသမီးအတွက် စဉ်းစား၍ တန်ဖိုး ထားနေထိုင်သင့်ပေသည်။
.
.
ကောသလမင်းကြီး၏ အိပ်မက်
၁၆ ချက်ကား ရေးလျှင် ဆောင်းပါးတစ်ပုဒ်မျှလောက်နှင့် မပြည့်စုံ၊ မလုံလောက်နိုင်ပါ။ သို့သော်အကျဉ်းချုပ်လည်း
မမည်ဘဲခေတ်နှင့်လျော်ညီသော အိပ်မက်အချို့ကိုသာ တင်ပြရပေလိမ့်မည်။ တတိယအိပ်မက် ကား ခေတ်နှင့်လျော်ညီပေ၏။
.
`ယနေ့နွားဖွားစ၊ နွားမနို့သာ
မိခင်နွားကြီး၊ စို့ပြီးနေရှာ။
သမီးနှင့်သား၊ စီးပွားပိုင်ရာ
မိနှင့်ဘ၊ ကျွေးမစားရမှာ`ဟူသော
အိပ်မက်ဖြစ်သည်။
.
ကျွန်တော်ပင်လျှင်
ဤသို့မဖြစ်ရလေအောင် ကြိုးစားနေရ ကြောင်း ဝန်ခံလျက် ဆက်လက်ရေးသားရပါမည်။ သည်မိခင် သည်ဖခင်၏
ကျေးဇူးအန္တ၊ မေတ္တာဖွဲ့မကုန်နှင့် ဘဝမှာ လူတစ် ယောက်ဖြစ်လာကြရသည်။ အများစုမှာ မိဘကျေးဇူး
မြင့်မိုရ်ဦး နှင့် ပညာတတ်လူရာဝင် ဂုဏ်ပကာသနရှင်များ ဖြစ်ရသည်။ ကိုယ်ကအသက် ၃၀/၄၀။ မိဘက
အသက် ၆၀ ပတ်ချာလည် ကိုယ်ကကိုယ့်လက်အောက် ငယ်သားနှင့် ကိုယ့်တန်းတူနှင့် အ ထက်အရာရှိနှင့်
မအားမလပ် ဖြစ်နေသည်။ မိသားစုရှိနေပါက ယောကျ်ားလင်သား၊ အိမ်သူသက်ထား၊ သမီးသားနှင့် စီးပွား
နှင့်ဆိုတော့ မိဘ ၂ ပါးအပေါ် အချိန်ပေးနိုင်မှု နည်းလာသည်။
.
`မအားသေးလို့ ခဏနေမှ
ဖုန်းပြန်ဆက်လိုက်မယ် ဖေဖေ၊ ပြောလို့အဆင်မပြေသေးဘူး ပြီးမှဖုန်းဆက်လိုက်မယ်၊ ဒီနှစ်
တော့ မလာအားသေးဘူးလေ၊ အားတဲ့ချိန်မှ လာလည်မယ်လေ၊ ဒီကိစ္စ ဖေဖေနဲ့ မေမေမသိဘူး၊ ရှင်းပြလည်း
နားလည်မှာ မ ဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် အေးဆေးနေပါ`ဆိုပြီး မိမိငယ် စဉ်က ပြုစုစောင့်ရှောက်ခဲ့သော
မိဘ ၂ ပါးကို ကျေးဇူးမဆပ် တတ်သော သားသမီးဆိုတာ ယနေ့ခေတ်တွင် ၉၉ ရာခိုင်နှုန်း ဖြစ်နေလိမ့်မည်။
မိဘအမွေ အိမ်ပေါ်တိုက်ပေါ်နေပြီး မိဘ ၂ ပါးကို တန်ဖိုးမထားသော သားသမီးများကို ဝမ်းနည်းစွာတွေ့နေ
ရသည်။ အချို့သားသမီးများကမူ မိဘ၏ လက်ငုပ်လက်ရင်းကို လုပ်ကိုင်ရင်း မိမိတို့လက်ထက်မှ
အောင်မြင်သည်ကို ဘဝင်မြင့်၊ ဘဝမေ့၊ အောက်ခြေလွတ်ရုံမျှမက ကျေးဇူးရှင်အန္တဂိုဏ်းဝင်
မိ ခင်ဖခင်ကိုပင် ကျေးဇူးကန်းနေကြသည်။
.
အချို့က ဆိုကြသေးသည်။
`ကံဆိုးတယ်ဟေ့`ဟု
ဆိုသည်။
အမှန်ဆိုရလျှင် ရှေးထုံးစကားပုံကို
မေ့နေကြသော၊ မသိ သော၊ မေ့ချင်ယောင် မသိချင်ယောင်ဆောင်၍ မိမိညံ့ဖျင်းမှုကို ဆင်ခြေပေးသူများ၏
လက်သုံးစကားပင် ဖြစ်သည်။
.
`လူမတန်၊ ကံချ`ဟူသော
ရှေးထုံးဆိုရိုးစကားပုံ ရှိခဲ့သည်။
လူညံ့လူဖျင်းတို့သည်
ကံကို ယိုးမယ်ဖွဲ့လွဲချနေကြသည်။ ကံဆိုသော ဝေါဟာရသည် ကမ္မဟူသော ပါဠိစကားဖြစ်သည်။ မြန်မာလို
လုပ်ရပ် လုပ်ဆောင်ချက်ကောင်းလျှင် ကံကောင်း မည်။ မိမိလုပ်ရပ် လုပ်ဆောင်ချက် မကောင်းလျှင်
ကံမကောင်း နိုင်ပါ။ မိမိကစာမကြိုးစားဘဲ စာမေးပွဲ မဖြေနိုင်သောအခါ `ငါ ကိုက ကံဆိုးပါတယ်။
မေးခွန်းသတ်တဲ့ နှစ်မှဖြေရတယ်`ဟုဆို ကြသည်။ သို့သော် သူတို့ မေးခွန်းသတ်ပါတယ် ဆိုသောဘာ
သာရပ်ကိုပင် ဂုဏ်ထူးထွက်ခဲ့သော ကျောင်းသားကျောင်းသူက များမှများပင် ဖြစ်ပါသည်။ အတွန့်တက်လိုသူများက
အတိတ် ကံအကြောင်း ပြောချင်ကြလျှင်ဖြင့် အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ ယုတ္တိဗေဒဆန်ဆန်
သေချာဆန်းစစ်လေ့လာကြရန် အကြံပြုရ ပေလိမ့်မည်။
.
`စေတနာသည် လူတိုင်းနှင့်
မထိုက်တန်`ဟူသောခေတ် သစ်အယူအဆကို `စေတနာသည် အဓိက`ဟူသော ရှေးဆို ရိုးနှင့် နှိုင်းယှဉ်နိုင်ကြရန်
ကောသလအိပ်မက် ၁၆ ချက်မှ နံပါတ် ၁၂ နှင့် ဆွေးနွေးရပေလိမ့်မည်။
.
`သံကြေးမပေါင်း၊ ဘူးတောင်းဘူးအုံ
ရေတွင်စုပ်စုပ်၊ နစ်မြှုပ်လုံးစုံ။
ပညာရှိများ၊ စကားဥဿုံ
ပြောသမျှ၊ လောကမသုံးကုန်`ဟူ၍ဖြစ်သည်။
.
စာမဖတ်ကြသော ယနေ့ခေတ်တွင်
အမြင်ကျဉ်းပြီး၊ အ ငြင်းသန်ကြသည်။ ပရနည်းပြီး အတ္တဆန်ကြသည်။ အရှည်မ တွေးဘဲ ငါစွဲနေကြသည်။
ပညာရှိများ စကားမဆိုထားပါနှင့်။ မိ ဘဆရာစကားကိုပင် နားမထောင်သော၊ အစ်ကို အစ်မစကား ကိုပင်
နားမထောင်တော့သော လူရွယ်လူလတ်များစွာရှိနေ သည်။ ကိုယ်တိုင်လည်း စာမဖတ်ကြ။ ရှေ့မီနောက်မီ
ရှေးလူ ကြီးသူမများ၏ ဆိုရိုး၊ ထုံးစံကိုလည်း တန်ဖိုးမထား။ ၎င်းတို့မှ ပေါက်ဖွားလာသော
သား၊ သမီး မျိုးဆက်သစ်ဆိုသည်မှာ ပြော ဖွယ်ရာမရှိ။ ရင်လေးလှပါ၏။ ၎င်းတို့၏ ဘဝများစွာနှင့်တကွ
တိုင်းပြည်၏ အနာဂတ်အတွက် ဝိုင်းဝန်းပြုပြင်ကြမှ ရတော့မည်။
.
`အနာမသိ ဆေးမရှိ။
အနာသိက ဆေးရှိ၏`ဟူသော
ရှေးဆိုရိုးစကားနှင့်ပင် ပြု ပြင်ကြရပေတော့မည်။ `မသိတော့ စာမဖတ်၊ စာမဖတ်တော့မ သိ`နှင့်
သံသရာလည်နေကြသော ကျွန်တော်တို့ ပတ်ဝန်းကျင် နှင့် ခေတ်နေထိုင်မှု စရိုက်တို့ကို စိတ်ရှည်ရှည်နှင့်
နည်းနည်းချင်း တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲကြရမည်။
.
ယခုကျွန်တော့် ဆောင်းပါးကို
ဖတ်ပြီး အနာကိုသိနေကြပါ လိမ့်မည်။ အနာသိမှဖြင့် ဆေးရှိပါ၏။ ဆေးမှာအခြားမဟုတ်။ ဈေးလည်းမကြီး။
သို့သော် မိမိကိုယ်ကိုပြုပြင်ရမည်ဖြစ်၍ ဆေး ရရန် ခက်ခဲပါ၏။ မိမိကိုယ်ကိုပြုပြင်၊ စာဖတ်ခြင်းကို
မြန်မြန်စွန့် လွတ် စာဖတ်ချိန်တဖြည်းဖြည်း တိုးမြှင့်သွားနိုင်လျှင် ဆေးရပါ ပြီ။
.
Wifi Free နှင့် ကာလာစုံကို
လက်ဖဝါးတွင် ပွတ်၍ သွား လေရာရာ လွယ်ကူစွာ ကြည့်နိုင် မြင်နိုင်သော ခေတ်တွင် အဖြူ အမည်းဘုတ်အုပ်(book
- စာအုပ်) ကို လက်က ကိုင်နေလျှင် အူကြောင်ကြောင်ဖြစ်နေသည်။ သို့သော် မတတ်နိုင်ပါပြီ။
အနာ ရောဂါပျောက်ကင်းနိုင်သော ဆေးဝါးကို လူမမာကြောက်မည် မှာ မဆန်း။ ဤသို့ဤနယ်ပင် မိမိညံ့ဖျင်းမှု
ရောဂါပျောက်ကင်း စေမည့် `စာအုပ်စာပေ၊ လူ့မိတ်ဆွေ`ဆေးဝါးကို လူ့အန္ဓ၊ လူ့ဗာ လတို့ ရှောင်ကြမည်မှာ
လောကဓမ္မတာပင် ဖြစ်သည်။
.
`ရှေးထုံးကိုလည်း
မပယ်နှင့်၊
ဈေးသုံးကိုလည်း မလွယ်နှင့်။
ရှေးထုံးပယ်က လွဲတတ်သည်။
.
ဈေးသုံးလွယ်က မွဲတတ်သည်။`ဟူသော ဆိုရိုးနှင့်အညီ ကောသလအိပ်မက်
၁၆ ချက်မှ ရုန်းထွက်နိုင်သမျှ ရုန်းထွက်နိုင် ကြရန် စာပေဖတ်ရှုရင်း ရှေးထုံးကို မပယ်ကြစေဖို့
ကြိုးစားပြုပြင် ကြပါစို့ဟူ၍ တိုက်တွန်းရေးသားလိုက်ရပါသည်။