အောင်ဆန်းဝင်း
.
ဆိုင်နီးချင်း မိတ်ဆွေနောင်တော်ကြီး ကိုကောင်းခန့်က စာဖတ်အား ကောင်းတယ်။ ဖေ့စ်ဘွတ်ခ်ကြည့်တာလည်း နှံ့စပ်တယ်။ သူဖတ်မိသမျှ ကြည့်ထားသလောက် သိသင့်သိထိုက်တာ ရှိရင် ပြန်လည် မျှဝေပေးတတ်တယ်။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ပေါ်လာခဲ့ရင် တစ်ခုတ်တစ်ရ လှမ်းပြောပြီး စာမျက်နှာပေါ် တင်ဖို့ တိုက်တွန်းတယ်။ ရေးစရာ အချက်အလက် လိုအပ်ရင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးတတ်တယ်။ နောင်တော်ကြီးကစာဝါ ပို့ချတဲ့ ရဟန်းဘဝကနေ လူ့လောကထဲ ပြန်ရောက်လာတာ ဆိုတော့ ဘာသာရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ထဲထဲဝင်ဝင် တီးခေါက်မိတဲ့ လူတစ်ယောက်။ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က မိတ်ဆွေတွေထဲမှာ ရဟန်းသံဃာတွေ ပါတယ်။ အကြောင်းမသင့်လို့ ရဟန်းဘဝကို ကျောခိုင်းခဲ့ပေမယ့် အဆက်အသွယ် ပြတ်တောက်ခြင်းတော့ မရှိဘူး ဆိုရမှာပေါ့။
.
တစ်နေ့က ဖေ့စ်ဘွတ်ခ်သုံးရင်း သူမြင်တဲ့ ပို့စ်လေးတစ်ခုကို ပြတယ်။ အကြောင်းအရာက ဂြိုလ်ပြေနံပြေ ဘုရားတွေ တည် ထားကိုးကွယ် ပူဇော်မယ် ဆိုတဲ့အကြောင်း။ တင်ထားတဲ့ ပို့စ်ပိုင်ရှင်က မဟာဓမ္မိကာရာမ ကျောင်းတိုက် ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဘဒ္ဒန္တအရိယဝံသပါ။ ဂြိုလ်ပြေနံပြေဘုရားတွေ တည်ထားကိုးကွယ်မယ့် နေရာက ဗောဓိကွင်း။ ဗောဓိညောင် ၃ ပင် စိုက်ပျိုးထားတဲ့ သမိုင်းဝင် ဗောဓိကွင်း။ ညောင် ၃ ပင်အောက်မှာ ဂြိုလ်ပြေနံပြေ ဘုရားတွေ တည်ထားမယ်လို့ ဆိုပါတယ်။ တည်ထားကိုးကွယ်မယ့် ဂြိုလ်ပြေနံပြေ ဘုရားတွေက နောင်လာမယ့် ကဏ္ဍတစ်ခု။ လတ်တလော စိတ်ဝင်စားတာ ဗောဓိကွင်းဆိုတဲ့အမည်။ အဲဒီ နာမည်နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့ဖူးတယ်။ အဲဒီကွင်းထဲမှာ ချမ်းသာ၊ ကွက်သစ်၊ ကူညီကုန်းနဲ့ စံကားကွက်သစ်က ဘော်ဒါနဲ့ ဘောလုံးကန်၊ ခြင်းခတ် ဆော့ကစားခဲ့ဖူးတယ်။
.
အချိန်အတိုင်းအတာ တစ်ခုတော့ ကြာခဲ့ပြီ။ ၁၉၈၆ ခုနှစ် ဗောဓိကွင်း အရှေ့ဘက်က အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်းကို ၄ တန်းကျောင်းသားဘဝနဲ့ ရောက်တယ်။ စာမေးပွဲ မကျဘဲ ၆ တန်း ၂ နှစ် တက်ပြီး အလယ်တန်း ကျောင်းသားဘဝ ကုန်ဆုံးတယ်။ ဗောဓိကွင်းက ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံး ဘောလုံး ကန်ခဲ့တဲ့နေရာ။ ကလေးသာသာ ကျောင်းသားဘဝဆိုတော့ ဗောဓိကွင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်သားသားတွေ သိပ်မရှိခဲ့ဘူး။ အခု စာလေး မတောက်တစ်ခေါက် ရေးဖြစ်နေတယ်။ စာပေသားပေါက် ဆိုတာ သိတဲ့မိတ်ဆွေနောင်တော် ကိုကောင်းခန့်က ဗောဓိကွင်းနဲ့ ပတ်သက်တဲ့အကြောင်း စာတစ်စောင်ဖွဲ့ဖို့ တိုက်တွန်းလာတယ်။ ဂြိုလ်ပြေနံပြေ ဘုရားတွေ တည်ထားကိုးကွယ်ဖို့ စီစဉ်နေတဲ့ သိမ်တောင်၊ မဟာဓမ္မိ ကာရာမနဲ့ ကုန်းသာကျောင်း ဆရာတော်တွေကလည်း လိုလားတယ်။
.
အဲဒီတော့ ရေးလက်စ စာမူတန်းဖြုတ်ပြီး ဗောဓိကွင်းဘက် 'ဂ' ကွေ့ ကွေ့ရတော့တာပေါ့။ ဗောဓိကွင်းရဲ့ တည်နေရာက တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စံကားကွက်သစ်အရှေ့၊ ကုန်သာပရိယတ္တိ စာသင်တိုက် အနောက်တောင်ဘက်မှာ ရှိပါတယ်။ မြေနေရာက ညီညာခြင်း မရှိဘဲ တစ်ခြမ်းစောင်း အနေအထားပါ။ ဗောဓိကွင်းထဲမှာ ဗောဓိညောင် ၃ ပင်ကို စီတန်းစိုက်ပျိုးထားပါ တယ်။ မှတ်တမ်းမှတ်ရာ သက္ကရာဇ်အရ ညောင်ပင်တွေရဲ့ သက် တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ ညောင်ပင်တွေကို မြန် မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု လက်ထက်က သီရိလင်္ကာ နိုင်ငံကနေ ဗောဓိပျိုးပင်တွေ ပင့်ဆောင်ပြီး အခုဗောဓိကွင်း နေ ရာမှာ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၂၀၊ ခရစ် နှစ် ၁၉၅၉ မှာ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ၃ ဦး ပင့်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
.
.
ရှမ်းပြည်နယ်အတွင်း ဗုဒ္ဓသာသနာ အရှည် တည်တံ့ခိုင်မြဲ စေရေးဆိုတဲ့ ရည်မှန်းချက်နဲ့ စိုက်ပျိုးလှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်က ဆရာတော်ကြီးများဖြစ်တဲ့ မူလကုန်း သာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ၊ မင်္ဂလာရာမ ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝိသုဒ္ဓ၊ အောင်မြေသာစည်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယ၊ တောင်ကျောင်းကြီး ဆရာတော် ကြီး ဘဒ္ဒန္တနရိန္ဒ၊ မဟာပုဗ္ဗာရုံကံဦးကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ မေဓိယ၊ သိမ်တောင်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဆန္ဒာဓိကတို့ ဦးဆောင်ပါဝင်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနဲ့ မြို့မိ မြို့ဖများ ပါဝင်စိုက်ပျိုး လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်း ကြောင်းအရ ကြည့်မယ်ဆိုရင် ဗောဓိကွင်းနဲ့ ညောင် ၃ ပင်ဟာ သာသနာ့ဝတ္တကမြေအဖြစ် ရှိနေခဲ့ပါတယ်။ သာသနာ့မြေအဖြစ် ရှိသင့်တဲ့ နေရာတစ်ခုလို့လည်း ဆရာတော်များက မိန့်ကြားပါ တယ်။
.
ဗောဓိညောင် ၃ ပင် စိုက်ပျိုးထားတဲ့ ဗောဓိကွင်းနေရာဟာ ကုန်းသာကျောင်းတိုက်မြေ အတွင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ မူလကုန်းသာကျောင်းတိုက် ဆရာတော်ဘုရားကြီးက သာသနာအတွက် ရည်မှန်းပြီး သာသနာပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ သာသနာနဲ့ သက်ဆိုင်တဲ့ မြေနေရာဆိုတာ အသိအမှတ်ပြုတဲ့အနေနဲ့ (၁၃.၁၀.၁၉၆၀) ရက်စွဲ၊ 'ဗောဓိပင်ပျိုမြေကွက်' ဆိုတဲ့ နာမည်နဲ့ အဲဒီအချိန်က တောင် ကြီးမြို့ခရိုင်ဝန်က လက်မှတ်ရေးထိုး၊ နိုင်ငံတော်တံဆိပ်နှိပ် အ တည်ပြုပေးထားကြောင်း လက်ရှိ သိမ်တောင် ပရိယတ္တိစာသင် တိုက်မှာ သီတင်းသုံးတဲ့ ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာ ရာဘိဝံသ က မိန့်ကြားပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် (နု + ဆွေ + ငြိမ်း) ၃ ဦး ဦးဆောင်စိုက်ပျိုးခဲ့တဲ့ ညောင် ၃ ပင်ရှိတဲ့ ဗောဓိကွင်းဟာ လက်ရှိအချိန်မှာ သာသနာ့ မြေအဖြစ်က သွေဖည်ခြင်း ခံရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရ တယ်လို့ ဆက်လက် မိန့်ကြားပါတယ်။
.
အကြောင်းရင်းက ဗောဓိကွင်းမြေနေရာကို စည်ပင်သာယာ ဌာနပိုင် နှစ် ၃၀ ဂရန် အမည်ပေါက်ဖြစ်နေခြင်းပါ။ 'ဤကွင်းသည် အမှုတွဲအမှတ် (၁၀/၉၈)ဖြင့် (၂၀.၃.၂၀၀၀) ခုနှစ်မှ (၁၉.၃.၂၀၃၀)အထိ စည်ပင်သာယာ ရေးအဖွဲ့ပိုင်မြေ ဖြစ်တယ်ဆိုတာသိတဲ့ အချိန်မှာ အတော်ကြီး အံ့ ဩခဲ့ရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ (၁၃.၁၀.၁၉၆၀) ရက်စွဲနဲ့ တောင်ကြီးမြို့တော် ခရိုင်ဝန်ကိုယ်တိုင် သာသနာ့မြေအ ဖြစ် နိုင်ငံတော် အသိအမှတ်ပြု လက်မှတ်ထိုးပေးထားတဲ့ သာ သနာမြေဟာ ဌာနပိုင်မြေ ဖြစ်သွားတာကို ပြန်လည် စိစစ်သင့် တယ်လို့ ဆက်လက်မိန့်ကြားပါတယ်။ သာသနိက အဆောက် အဦတွေ ဆောက်လုပ်ခြင်း မပြုဖို့ တားမြစ်ထားပြီး၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပခွင့်တော့ ပြုထားတယ်လို့ ဆိုပါတယ်။ လတ်တလော ဂြိုလ်ပြေနံပြေ ဘုရားတွေ တည် ထားကိုးကွယ်ဖို့ စီစဉ်နေပါတယ်။
.
ဗောဓိညောင် ၃ ပင် စိုက်ပျိုးထားတဲ့ ဗောဓိကွင်းမှာ ပထမ ဆုံးအကြိမ် စတင် ကျင်းပပြုလုပ်တဲ့ ဘာသာရေး အခမ်းအနား က ကဆုန်လပြည့်နေ့၊ ညောင်ရေသွန်း ပွဲတော် အခမ်းအနားဖြစ် ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၂၃ ၊ ကဆုန်လပြည့်၊ သောကြာနေ့၊ ခရစ်နှစ် (၂၈.၄.၁၉၆၁)မှာ ခမ်းနားထည်ဝါစွာနဲ့ စတင် ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။ သာသနာ့မြေ ဗောဓိကွင်းမှာ နှစ်စဉ်မပျက် စဉ် ဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း ဓမ္မစကူလ်းသင်တန်း၊ ဓမ္မစကူလ်း ညီလာခံတွေကိုလည်း ဗောဓိကွင်းထဲမှာ ပြုလုပ်နေ တယ်လို့ မဟာဓမ္မိကာရာမကျောင်းမှာ သီတင်းသုံးတဲ့ ဆရာ တော် ဘဒ္ဒန္တအရိယဝံသ က မိန့်ကြားပါတယ်။ သာသနာ့ နယ်မြေ အဖြစ်က ပျက်ယွင်းရမယ့် အခြေအနေကို စိုးရိမ်ပူပန်တဲ့အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်း က ဆရာတော်ကြီး ၁၃ ပါးက မူရင်းသာသနာ့မြေအဖြစ် ပြန် လည်အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
.
"ဘုန်းကြီးတို့ဘက်က သတိမေ့ပေါ့လျော့ပြီး နေခဲ့တာလည်း ပါတာပေါ့။ သာသနာ့မြေကို ဌာနမြေဖြစ်နေတာ သိလိုက်ရတော့ အတော်ကြီး စိတ်မကောင်း ဖြစ်ရတယ်။ ဒီဗောဓိကွင်းကို သာသ နာ့မြေဖြစ်ဖို့ ဆရာတော်ကြီး ၁၃ ပါးက ပြန်လည်တောင်းဆိုထား တာ ရှိပါတယ်။ မြင့်မြတ်တဲ့ သာသနာ့မြေကို တာဝန်ရှိသူတွေရဲ့ လျစ်လျူရှုမှုနဲ့ အမှိုက်စွန့်ပစ်တဲ့ နေရာအဖြစ်တောင် သုံးလိုက် ကြသေးတယ်။ အခု ဗောဓိကွင်းထဲမှာ ရှိတဲ့ ညောင်ပင် ၃ ပင် အောက်မှာ ဂြိုလ်ပြေနံပြေ ဘုရားတွေ တည်ထားကိုးကွယ်ဖို့ စီ စဉ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဒီနေရာ ဟာ သာသနာ့မြေအဖြစ် ရှိခဲ့တာပါ။ အခုလို ဌာနမြေဖြစ်သွားတဲ့ အပေါ် လက်ရှိ ရှမ်းပြည်နယ် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ ဆရာတော် အရှင်ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ" က မိန့် ကြားပါတယ်။
.
သာသနာ့မြေဗောဓိကွင်းထဲက ညောင် ၃ ပင်အောက်မှာ ဂြိုလ်ပြေနံပြေ ဘုရားတွေ တည်ထားကိုးကွယ်ဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနုကိုယ်တိုင် သီရိလင်္ကာနိုင်ငံ ကနေ ပင့်ဆောင်လာတဲ့ ဗောဓိပျိုးပင်တွေကို စိုက်ပျိုးထားတာ ဖြစ်တဲ့အတွက် သမိုင်းမှတ်တမ်း တစ်ခုအနေနဲ့လည်း ရှိနေပါ တယ်။ ဂြိုလ်ပြေနံပြေ ဘုရားတွေ တည်ထားကိုးကွယ်တဲ့နေရာ မှာ အလှူရှင်များ အနေနဲ့ ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်မှု ပြုလုပ် ထားပါတယ်။ လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ အရှင်ဘဒ္ဒန္တပညာတိက္ခာ လင်္ကာရာဘိဝံသ၊ သိမ်တောင်ကျောင်း၊ (၀၉ ၅၂၁ ၅၂၈၃)၊ အရှင်ဘဒ္ဒန္တအရိယဝံသ၊ မဟာဓမ္မိကာရာမကျောင်းတိုက် (၀၉ ၂၅၁၆၇၆၈၆၆)၊ ကုန်းသာကျောင်းဆရာတော် အရှင်ဘဒ္ဒန္တ ဉာဏိဿရဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ သမိုင်းဝင် ဗောဓိမြေ သာသနာ့မြေအဖြစ် အဓွန့်ရှည်ပါစေကြောင်း။