တောင်ကြီးမြို့ပေါ်က တစ်နာရီခွဲစာ အလွဲများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်က တစ်နာရီခွဲစာ အလွဲများ


အောင်ဆန်းဝင်း
.
လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်း က အထောက်အကူပြုတယ်။ သွေးလေ လည်ပတ်မှုကို မှန်ကန် စေတယ်။ ကြီးကြီးမားမား ဆန်းဆန်းပြားပြား လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာနဲ့တင် လုံလောက်တယ်။ ကျန်းမာရေးအတွက် နေ့စဉ် အနည်းဆုံး မိနစ် ၄၀ လောက် လမ်း လျှောက်သင့်တယ်လို့ ဆိုကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က တော့ နေ့စဉ် မနက်တိုင်း လမ်းလျှောက်ဖြစ်တယ်။ နောက်ပိုင်းကျ တော့ လူက ပျင်းတာရယ်၊ ညပိုင်းများတာရယ်ပေါင်းပြီး မနက် အစောမထနိုင်တာနဲ့ မလျှောက်ဖြစ်တော့ဘူး။ ဒီရက်ပိုင်း အလုပ် အကိုင်တွေ ပါးတာတစ်ကြောင်း၊ မီးစာလေး သက်တမ်းတိုးချင် တာ ပေါင်းပြီး ဆိုင်နီးနားချင်း မိတ်ဆွေ နောင်တော် တစ်ယောက် နဲ့ လမ်းပြန်လျှောက်ဖြစ်တယ်။ အရင်လို မနက်ပိုင်း လျှောက်တာ တော့ မဟုတ်ဘူး။ ညနေပိုင်းလေးပေါ့။
.
ညနေစောင်း ၅ နာရီ သံချောင်း ခေါက်တာနဲ့ ထီးကောက်တစ် ယောက် တစ်လက်ဆွဲပြီး ဝါးပြားလမ်းဆုံကနေ စထွက်တယ်။ ဂနိုင်ကန် လမ်းပိုင်းကို ၅ မိနစ်စာလောက် လျှောက်လိုက်တာနဲ့ ဗိုင်ချုပ်အောင်ဆန်း လမ်းမပေါ် ရောက်တယ်။ ဗိုလ်ချုပ်အောင် ဆန်းလမ်းအတိုင်း စကားပြောလိုက်ခပ်မှန်မှန် လျှောက်လိုက်နဲ့ စူဠာမုနိ လောကချမ်းသာ စေတီတော် ခြေရင်းရောက်ရင် ခရီး တစ်ထောက် နားကြတယ်။ အဲဒီ နေရာမှာ အပေါ့စား လေ့ကျင့် ခန်း လုပ်လို့ရတဲ့ ပစ္စည်းတွေ တပ်ဆင်ပေးထားတော့ ခပ်ပါးပါး လေ့ကျင့်ခန်း လုပ်ကြတာပေါ့။ ခါးလှည့်လေ့ကျင့်ခန်း နည်းနည်း လုပ်တယ်။ ခြေလွှဲခုံပေါ် တက်ပြီး အချက် ၂၀ လောက် လွှဲကြည့် တယ်။ ကားစတီယာတိုင်လို လက်လှည့်ကွင်းကို လှည့်တဲ့အခါ လည်း ရှိတာပေါ့။ တစ်ခါတစ်ခါ မိတ်ဆွေနောင်တော်က လမ်း လျှောက်စက်ပေါ် တက်ကြည့်တယ်။ လျှောက်တာက ရှေ့၊ ရောက်တာက နောက် ဖြစ်တာတစ်ကဏ္ဍပေါ့။
.
ဟိုတစ်တို့ဒီတစ်စ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ လမ်းလျှောက် ခြင်း အနုပညာကို ခရီး ဆက်ကြတယ်။ ရွှေရည်အေး လမ်းထိပ် နား ရောက်တော့ ဆိုင်းဘုတ် တစ်ခုကို မိတ်ဆွေ နောင်တော်က ထီးကောက်လေးနဲ့ ထိုးပြတယ်။ လျှပ်စစ် ကုန်ပစ္စည်း ကုမ္ပဏီ တစ်ခုက လာစိုက်ထားတဲ့ ဆိုင်းဘုတ်။ အဲဒီ ဆိုင်းဘုတ်ထဲမှာ သိုးဆောင်း ဘာသာစကားနဲ့ ရေးထားတဲ့ စာလုံး တစ်လိုင်းပါ တယ်။ သူ့အောက်မှာက ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်။ အောက်ခြေမှာတော့ ထင်သာမြင်သာ ရှိတဲ့ စာလုံးဆိုဒ်နဲ့လမ်း နာမည် ရေးထားတယ်။ (စူဋ္ဌာမုနိလမ်း )တဲ့။ သူတို့ လုပ်မှ နေရင်း ထိုင်ရင်း စေတီတော်ဘုရားလည်း သတ်ပုံတွေ မှားပြီး နာမည်အ သစ်တွေကို ရလို့။ ဆိုင်းဘုတ် တစ်ခုလုံးမှာ မြန်မာလို ရေးထား တာ အဲဒီ လမ်းနာမည် တစ်ခုတည်း။ အမှန်တော့ ဆိုင်းဘုတ်ရေး တဲ့ လူလည်း မမှားသင့်သလို၊ ကုမ္ပဏီ အနေနဲ့လည်း မတပ်ခင် ပြန်စစ်သင့်ပါတယ်။
.
စူဠာမုနိ လောကချမ်းသာ စေတီတော်မြတ်ကြီးကို နာမည် အသစ် ရေးထိုးထားတဲ့ ဆိုင်းဘုတ်နားကနေ ဗိုလ်ချုပ်အောင် ဆန်းလမ်း အတိုင်း ဂေါက်ကွင်း တောင်ဘက်နဲ့ တောင်ကြီးတက္က သိုလ်ရှေ့ကို လမ်းကြောင်း ဆက်တိုးတယ်။ သစ်တောဂိတ်လမ်း ဆုံ မီးပွိုင့်နား ရောက်တော့ နောက်ထပ် ထူးခြားဆန်းပြား ဆိုင်း ဘုတ်တစ်ခု ထပ်တွေ့ရတယ်။ သတိပေး ဆိုင်းဘုတ်ပေါ့။ အဝါ ရောင် သံပြားပေါ်မှာ အနက်ရောင် စာလုံးနဲ့ ရေးထားတယ်။ [သတိကိုက် (၁ဝဝ) အတွင်း ရထားလမ်းကူး ရှိသည် ] ဆိုပဲ။ ဟုတ် တော့လည်း ဟုတ်သား။ ရထားလမ်းကူးကတော့ တကယ်ရှိရှာ ပါတယ်။ ခက်တာက အဲဒီ ရထားလမ်းကူးကို ဘယ်သောအခါမှ ရထား ရောက်လာမှာ မဟုတ်ဘူး။ နိုင်ငံဘဏ္ဍာတွေ ဖြုန်းသွား တာလား၊ ဘုန်းသွားတာလားတော့ မပြောတတ်။ ရထားလမ်း ကူး ရှိသည် ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် မြေကြီးလေးတာပဲ အဖတ် တင်တယ်။
.
မီးပွိုင့်ကနေ အနောက်ဘက် ချိုးဆင်းတာနဲ့ အနောက်မြို့ ပတ်လမ်းပေါ် ရောက်သွားတယ်။ ဂေါက်ကွင်း တောင်ဘက် ပ လက်ဖောင်းပေါ် လျှောက်ရင်း အုတ်နှစ်တုံးစာ နိမ့်တဲ့(ရွှေဖျဉ်း ကြီး ရွှေဖျဉ်းလေးနဲ့ မဆိုင်ပါ) နံရံကနေ ဂေါက်ကွင်းထဲကဂေါက် သမားတွေကို လှမ်းကြည့်ကြတယ်။ ဂေါက်သီးတွေက တီခုံပေါ် ရောက်တဲ့ အချိန်ဆိုတော့ ကျင်းစိမ်တော့မယ့် အချိန်ပေါ့။ အဲဒီ နား ရောက်တိုင်း ရပ်ကြည့်နေကြ ဆိုတော့ ဂေါက်သမားနဲ့ ကယ် ရီတွေက ထင်ကြလိမ့်မယ်။ ဂေါက်ရိုက်တာ မမြင်ဖူးတဲ့တောသား တွေဆိုပြီး။ အမှန်တကယ်လည်း လူအစစ်တွေ ဂေါက်ရိုက်နေတာ ကို အခုလို အရှင်လတ်လတ် မမြင်ဖူးဘူး။ တီဗွီတွေထဲလောက် သာ တွေ့ဖူးတာကိုး။ တစ်ဖွဲ့လေးယောက်နဲ့ ကျင်းပေါက် ချော် အောင် ရိုက်နေတဲ့ ဂေါက်သမားတွေ တွေ့ရတယ်။ သတင်းစာ တွေထဲမှာ တစ်ချက်တည်း ကျင်းဝင်ပြီး နိုင်ငံပြိုင်ပွဲ မတိုးတာ တွေလည်း အများကြီး။
.
ဂေါက်သမားတွေကို ထားခဲ့ပြီး ဆက်လျှောက်တော့ တောင် ကြီး တက္ကသိုလ် ရှေ့ရောက်။ တက္ကသိုလ်က ရင့်ကျက်မှုတွေ အ ပြည့်နဲ့ မဟာဆန်ဆန် လှနေတာ တွေ့ရတယ်။ တက္ကသိုလ်က သူရဲကောင်းတွေ မွေးထုတ်ပေးခဲ့တယ်။ တက္ကသိုလ်က သူရဲ ကောင်းတွေ မွေးထုတ်ပေးဖို့ စောင့်နေတယ်။ လတ်တလောတော့ တက္ကသိုလ်ကြီး အိပ်မောကျနေတယ်။ ဘယ်အချိန် ပြန်နိုးထခွင့် ရမယ်ဆိုတာ မပြောတတ်သေးဘူး။ တက္ကသိုလ်ကြီးက ခရီးဆက် ဖို့ အဆင်သင့် ဖြစ်နေတယ်။ ဆရာ/ဆရာမတွေက ကျောက်သင် ပုန်းပေါ် မြေဖြူခဲနဲ့ စာရေးချင်ကြတယ်။ ကျောင်းသားကျောင်း  သူတွေက စာသင်ကြား ချင်ကြတယ်။ သမီးရည်းစားနဲ့တွတ်ထိုး ချင်ကြတယ်။ ဘော်ဒါတွေ စုပြီး အဆောင်ရှေ့ အသံကောင်း ဟစ် ချင်ကြတယ်။ လက်တွေ့မှာတော့ အရာရာ ဆိတ်ဆိတ်သုဉ်းသုဉ်း။ ခရီးစဉ်မဆုံးသေးတဲ့ကိုဗစ်ရဲ့ မီးပွိုင့်မှာ ရပ်နေကြရတယ်။
.


.
ကျောင်းတံခါးတွေတင် သော့ခလောက်နဲ့ နှစ်ပါးသွား နေတာတော့ မဟုတ်ဘူး။ ကျောင်းရှေ့မှာ ရှိတဲ့ ဈေးဆိုင်ခန်းအ တော်များများလည်း ကိုယ်စီ သော့ခလောက်တွေနဲ့ ဖူးစာ ဆုံတာ ကို တွေ့ရတယ်။ ရုတ်တရက် ကြည့်ရင် ပိတ်ထားတဲ့ ဆိုင်ခန်း တွေပေါ့။ နောက်ကျောကို နည်းနည်း ဖြည့်တွေးရင် စိတ်မောရင် မောစရာ ကောင်းလွန်းနေတယ်။ ဘယ်အချိန်ထိ ပိတ်ထားရမှန်း မသိတဲ့ ဆိုင်ခန်းပိုင်ရှင် တွေရဲ့ စားဝတ်နေရေး။ မိသားစုဝင် ပေါင်း များစွာရဲ့ စားဝတ်နေရေး။ အချိန်ကြာလာနဲ့အမျှ အခက် အခဲ ကြားကနေ အကြပ်အတည်းတွေ ဖြစ်လာမှာတော့ မြေကြီး လက်ခတ် မလွဲ။ အခုအချိန်က တစ်ဦးနဲ့ တစ်ယောက် စိတ်ရှိရင် တောင် ကူနိုင်ဖို့ မစွမ်းတဲ့ အခြေအနေမျိုး။ စာသင်သား မရှိတဲ့ ကျောင်းတော်ကြီး မြင်ရတာ နွေခေါင်ခေါင် ကီလိုမီတာ ၃၀ နှုန်း နဲ့ မောင်းတဲ့ ရထားစီးရ အတိုင်း။ ငြီးငွေ့စရာ ကောင်းလွန်းနေ တယ်။
.

ကျောင်းတော်ကြီးကို ကျောခိုင်းပြီး ခရီး ထပ်ဆက်ကြတယ်။ ဧရာဝတီ လမ်းဆုံ ရောက်ကာနီးမှာ ရေကန်ကြီး တစ်ကန် ရှိနေ တယ်။ ရေကန်ရဲ့ သက်တမ်း ဘယ်လောက်ရှိတယ် ဆိုတာတော့ မပြောတတ်ဘူး။ နှစ် ၅၀ လည်း ဖြစ်နိုင်တယ်။ ၁၀၀ ဖြစ်ချင် လည်း ဖြစ်လိမ့်မယ်။ အရင်တုန်းကတော့ အနီးအပါးက လူတွေ ဒီလို အချိန်ဆို အဲဒီရေကန်ကြီးထဲမှာ ရေချိုးကြတယ်။ အဝတ် လျှော်ကြတယ်။ အခု ရေကန်ကြီးကို မြင်ရတာ အံ့ဩစရာ ကောင်းတယ်။ မိုးတွေ တအုန်းအုန်း ရွာထားတာတောင် ရေမရှိ တဲ့ ရေကန်။ မြက်ရိုင်းတောတွေက လွဲလို့ ရေမဝင်တော့တဲ့ ရေ ကန်။ မိုးဖြိုင်ဖြိုင် ကျတဲ့ မိုးရာသီမှာတောင် ရေမရှိတဲ့ကန်။ ရေကန်ကြီးက သူ့အလိုလို အသေခံ သွားတာ မဟုတ်လောက် ဘူး။ လူတွေရဲ့ ပယောဂကြောင့်သာ သေဆုံးသွားတာ ဖြစ်လိမ့် မယ်။ မိုးတွေရွာတဲ့ အချိန်တောင် ရေမရှိတဲ့ကန် ဆိုတော့ မိုးမခ ကန်ပေါ့။
.
ဧရာဝတီ လမ်းဆုံ ရောက်တော့ မိတ်ဆွေဟောင်း တချို့နဲ့ ပြန်တွေ့ရတယ်။ (နှစ်သုံးဆယ်က အရှေ့ပင်စင်) ဆောင်းပါးထဲ က ငယ်ပေါင်း မိတ်ဟောင်းတွေ။ အမှန်တော့ သူတို့တွေက ကိုယ့်ငယ် သောက်ခွက်ကို မှတ်မိနေလို့ သာကြောင်းမာကြောင်း တချို့ ပြောဖြစ်တယ်။ မရှိတော့တဲ့ မိတ်ဟောင်းတွေ အကြောင်း  လက်တို့ ကြတယ်။ ၂၁၂ ဈေးတိုက်တန်းတွေနား ရောက်တာနဲ့ လှုပ်လှုပ်ခတ်ခတ်တွေ တွေ့လာရတယ်။ ပျားပန်းခတ် လောက် အောင် မဟုတ်တောင် လူစည်ကားနေတယ်။ ရောဂါက ရောဂါ၊ ဝမ်းစာက ဝမ်းစာ ဆိုတော့ ရုန်းရကန်ရ တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်အပေါက်က သံချောင်း လာခေါက်မယ်မှန်း မသိတဲ့ ရော ဂါကိုတော့ ဂရုပြုသင့်တာ အမှန်။ အဲဒီနေရာကညနေ စောင်းတိုင်း လူစည်ကားတယ်။ မတ်စ်တပ်ပါလို့တော့ လော်စပီကာထဲ အသံ ထွက်နေတယ်။ မတ်စ်မပါတဲ့ မတ်တပ်တွေလည်း များတယ်။
.
၆ နာရီပတ်လည် ရောက်တိုင်း ရဲဘော်ဈေးပေါက်နား ရောက်တယ်။ ဈေးပေါက်နား ရောင်းသူဝယ်သူ အတော်စည်ကား တယ်။ စည်ကားတာကို ပိုရှုပ်အောင် လုပ်တာ လမ်းကွေ့က အ မှိုက်သိမ်းကား။ အမှိုက်ပုံးသယ်တဲ့ အမှိုက်သိမ်းကား အဲဒီနေရာ မှာ မကြာခဏ ပျက်တယ်။ တွဲကားဝင်လာတဲ့အချိန် အမှိုက်သိမ်း ကားပျက်တာနဲ့ ကြုံရင် ပိတ်လိုက်တဲ့လမ်းဆိုတာ တန်ဆောင် တိုင်ပွဲတော် ရောက်သွားတဲ့အတိုင်း။ ကားတွေက ပျက်မှာပေါ့။ မိတ်အင်ပေါက်ဖော်။ တရုတ်စက် တစ်ရက်စုတ် ဆိုလား။ ကြံ့ခိုင် ရေးမှ မကောင်းတာ။ လမ်းမပေါ် ကျောက်ချတဲ့ ကိုယ်ပိုင်ကား တချို့ ရှိတယ်။ သောက်ဂရုမစိုက်တဲ့ အထာနဲ့ မြို့ပတ်ကားတွေ လမ်းမပေါ် ရပ်တယ်။ သူတို့ကြောင့် လမ်းပိတ်လည်း ရပ်ကြတာ ပဲ။ လမ်းမတစ်လျှောက် စောက်တစ်လွဲတွေ ကြည့်ပြီး ဝပ်ကျင်း ပြန်ရောက်တော့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ။ ထုံးစံအတိုင်း လျှောက်လည်းလျှောက် သောက်လည်းသောက်ပေါ့။

Journal Download

Photo of three cats