ကိုစိုး (ကမ္ဘောဇတိုင်း)၊ ဗျတ္တ
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) နေ ဒေသခံ တောင်သူ
၄ ဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် နယ်မြေခံတပ်ရင်းဖြစ်သော အမှတ် (၃၅၇) အမြောက်တပ်ရင်းမှ
တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထား သည်ဟု သိရသည်။
.
“ခါတိုင်းလည်း တရားစွဲတာမကြားဖူးပါဘူး။ ဒီနှစ်မှ စွဲတာပါ။ အရင်
အဖိုးအဖွားတွေ လုပ်စားကတည်းက ၄၄၇ နဲ့ မစွဲဖူး ပါဘူး။ ဆရာတို့ မသိမ်းခင်ကလည်း ကျွန်တော်တို့
လုပ်စားခဲ့ပြီးပြီ။ စားဝတ်နေရေး အဆင်မပြေလို့ လုပ်စားခဲ့ရတာပါ။ အဆင်ပြေရင် မလုပ်စားပါဘူးဆရာလို့
ပြောလိုက်ပါတယ်။ တောင်သူ ၄ ဦးကို စွဲတာပါ။ ရဲစခန်းကနေပြီး မနေ့ (စက်တင်ဘာလ ၁၆ ရက်)
က ကျွန်တော်တို့ကို အိမ်အထိ လာခေါ်ပါတယ်။ လာခေါ်တဲ့အခါမှာ ခြံဓါတ်ပုံရိုက်တယ်။ စာ ပြပါတယ်။
ကျွန်တော်တို့ကိုတော့ စာ မပေးပါဘူး” ဟု တရားစွဲဆိုခံရသူ ဦးအေးကျော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ခြံမြေများအတွင်း ၁၅ နှစ်ခန့် သက်တမ်းရှိ ထောပတ်ပင်များ
အပါအဝင် ရာသီပေါ် သီးနှံများ စိုက်ပျိုးထားသူ စုစုပေါင်း တောင်သူ ၁၀၈ ဦး ရှိနေပြီး
ဦးအေးကျော်အပါအဝင် ၄ ဦးကိုသာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု သိရသည်။
.
“စိုက်ထားတာတော့ ကြာပါပြီ။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်က စိမ်းလန်းစိုပြေဖို့၊
မိုးမခေါင် ရေမရှားဖို့ ရည်မှန်း ပြီး စိုက်ခဲ့တာပါ။ အခုမှ ကျူးကျော်မှ ပုဒ်မ ၄၄၇ နဲ့
တရားစွဲတာပါ။ မစိုက်ခင်က သူတို့ပြောရင် ကျွန်တော်တို့ မစိုက် ပါဘူး။ ကျွန်တော်တို့
စိုက်ပြီးလို့ စားရကာနီးမှ တရားစွဲတာပါ” ဟု ဦးအေးကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ တရားစွဲဆိုခံရသူတစ်ဦးဖြစ်သူ ဦးအိန္ဒောကလည်း “တချို့က
လုပ်လိုက်၊ တချို့က မလုပ်ရဘူး အမျိုးမျိုး ပြောနေကြတော့ ကျွန်တော်တို့ ဘယ်တတ်နိုင်ပါ့မလဲ။
အခု ၄၄၇ နဲ့ တရားစွဲထားတယ်။ မနေ့ကလည်း နေမကောင်း တော့ ကျွန်တော်က မပါသွားပါဘူး” ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ
သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် တောင်သူများအား ပုဒ်မ ၄၄၇ ဖြင့် ရဲစခန်း၌ အမှုဖွင့်တိုင်တန်းထားသည်မှ
မှန်ကန်ကြောင်းနှင့် ရဲ စစ်ဆေးဆဲကာလ ဖြစ်သည့်အတွက် အမှုအခြေအနေအား ပြောဆိုနိုင်ခြင်း
မရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ သည်။
.
အမှုဖွင့်တိုင်တန်းခံရသူ တောင်သူ ၄ ဦးအား စက်တင်ဘာလ ၁၆ ရက်က
တောင်ကြီးနယ်မြေရဲစခန်းတွင် ခေါ်ယူ၍ အမှုနှင့်ပတ်သက်၍ အသိပေးပြောကြားခြင်း၊ လိုအပ်သည့်
စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ယခင် ပန်းတင်ကျေးရွာအုပ်စုအတွင်းရှိ
ယင်းမြေယာများအား ခမရ(၅၁၀) တပ်ရင်းမှ တပ်တည်ဆောက်ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်ပြီး
လက်ရှိတွင် ခမရ (၅၁၀) တပ်မှာ ပြောင်းရွှေ့သွားပြီ ဖြစ်ကာ ယင်း နေရာတွင် အမှတ်
(၃၅၇) အမြောက်တပ်ရင်းမှ ဆက်လက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် တယ်လီဖုန်း
လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။
.
ရာဇသတ်ကြီး ပုဒ်မ ၄၄၇ တွင် မည်သူမဆို ရာဇဝတ်မကင်းသော
ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊
ကျပ်ငါးသောင်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည် ဟု ပြဌာန်းဖော်ပြထားသည်။
.
ဘုရားဖြူရပ်ကွက်တွင် အိမ်ခြေ ၂၆၉၀ စု၊ အိမ်ထောင်စု ၂၇၅၀ စု
ရှိပြီး ရပ်ကွက်လူဦးရေ စုစုပေါင်း ၁၃၇၄၇ ဦး ရှိကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
.