စိုင်းသိင်္ခသူ
.
ကျောက်မဲမြို့မှ
လားရှိုးမြို့ဘက် အထွက် တိုးဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုမှ မန်နေဂျာ လင်မယား ၂ ဦးသည် စက်တင်ဘာလ ၈ ရက်၊ ညပိုင်းက အသတ်ခံရကြောင်း သိရသည်။
.
“ မြင်တွေ့ရတာတော့ အမျိုးသားက အဝင်နားမှာ လဲကျနေပြီး လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့၊ သူ့အမျိုးသမီးကတော့ အခန်းထဲမှာ ဗိုက်ကို ဓားထိုး ခံရပြီး သေနေတာ တွေ့ရတယ်။ တည်းခိုခန်းမှာ အမျိုးသမီးငယ် ၂ ဦး တွေ့ရလို့ တာဝန်ရှိသူတွေက စစ်မေးနေပါတယ်။”
ဟု အခင်းဖြစ် နေရာသို့ ရောက်ရှိခဲ့သည့်
ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။
.
ကျောက်မဲမြို့မှ
လားရှိုးမြို့ဘက်သို့အထွက် တိုးဂိတ်အနီး၊ ပန်ပေါင်းကျေးရွာရှိ တည်းခိုခန်းတွင်
မန်နေဂျာ လင်မယား ၂ ဦး အသတ်ခံထားရကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူများမှာ အသက်
၅၆ နှစ်အရွယ် ဦးတင်မောင်အေးနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၅၅
နှစ်အရွယ် ဒေါ်ခင်ဝင်းတို့အား ဓါး ဒဏ်ရာများဖြင့်
သေဆုံးနေခြင်း တွေ့ရှိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကျောက်မဲ
နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
သေဆုံးသူများသည် ရုန်းရင်းဆန်ခတ်
ဖြစ်ပွားမှု မတွေ့ရသည့် အပြင် တည်းခိုသူ အမည်စာရင်း ပျောက်ဆုံးနေခြင်း၊
သေဆုံးသူ ဒေါ်ခင်ဝင်း ဝတ်ဆင်ထားသည့် ရွှေထည်များ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း
ရဲမှတ်တမ်းအရ သိရသည်။
.
အဆိုပါ
လူသတ်မှု ကျူးလွန်သူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်အတွက် ကျောက်မဲမြို့မရဲစခန်းမှ
(ပ) ၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေလျက် ရှိကြောင်း သိရသည်။