မင်းဇော်မင်း
.
တရုတ်နိုင်ငံမှ မူဆယ်မြို့သို့ ပြန်လည်လွှဲပြောင်းလာသည့် အမျိုးသား တစ်ဦးတွင် စက်တင်ဘာ ၁၄ ရက်က COVID-19 ပိုး
တွေ့ရှိခဲ့ကြောင်း မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါလူနာသည် တရုတ်နိုင်ငံမှ စက်တင်ဘာလ
၁၁ ရက်တွင် ပြန်လည် လွှဲပြောင်းလာသူ ၁၁၅ ဦးအနက် တစ်ဦး အပါအဝင် ဖြစ်ကာ Quarantine ထားရှိပြီး ၂ ရက်အကြာ ဓါတ်ခွဲနမူနာ အဖြေအရ ရောဂါပိုး တွေ့ရှိရခြင်း
ဖြစ်ကြောင်း သိရသည်။
.
“ သူက ပြီးခဲ့တဲ့ ၁၁ ရက်က တရုတ်က
လွှဲပြောင်းလာတဲ့ အကျဉ်းထောင်လွတ်တွေထဲမှာ ပါလာတာပါ၊ အားလုံးကို တို့ဖတ်နမူနာ
ယူစစ်တာမှာ သူ တစ်ယောက်ကို တွေ့တာပါ၊ ဟိုဖက်မှာ အလုပ် လုပ်ရင်း အဖမ်းခံရတယ်လို့ သိရတယ်။
ခုတော့ ဆေးရုံသစ်ကြီးက သီးသန့်ဆောင်မှာ ထားပါတယ်၊ အခြားရောဂါအခံလည်း
မရှိတော့ အခြေအနေ ကောင်းတယ်လို့ သိရပါတယ်။” ဟု မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
.
ထို့အတူ မူဆယ်အခြေစိုက် ဂရုဏာဖောင်ဒေးရှင်းမှ ဦးသောင်းထွန်းကလည်း “ သူနဲ့ နီးစပ်တဲ့ ၅ ယောက်ကိုတော့ ထပ်ပြီး swab
ယူမယ် သိရတယ်၊
ကျွန်တော်တို့လည်း လောလောဆယ်တော့ ဆေးရုံကြီးမှာပဲ၊ ဆေးရုံက ဘယ်လို ညွှန်ကြားမယ်တော့
မသိသေးဘူး။ ညကပဲ သူ့ကို စင်တာကနေ ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။” ဟု ပြောသည်။
.
ယင်း အတည်ပြုလူနာအား တရုတ်နိုင်ငံမှ လွှဲပြောင်းပေးစဉ် လက်ခံခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်
လူမှုရေးကူညီသူများ၊ ထိတွေ့သူများ အားလုံး Quarantine
ဝင်ရောက်ရန်နှင့်
ဓါတ်ခွဲ နမူနာ ရယူ စစ်ဆေးရမည် ဖြစ်ကြောင်း မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ
နာယက ဖြစ်သူ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းကျော်သိန်းထံမှ သိရသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)၊ နံနက်ပိုင်းထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၂၉၉ ဦး ရှိကာ၊ ယင်းအနက် ၃၂ ဦး သေဆုံး၍ ၇၉၀ ဦးမှာ ပြန်လည် သက်သာလာပြီ
ဖြစ်ကြောင်း သိရသည်။