လာမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် COVID-19 ရောဂါထိန်းချုပ်ရေးကာလ မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးပစ္စည်းများ ဖြစ်သည့် နှာခေါင်းစည်း (Mask)များ၊ မျက်နှာအကာ (Face Shield)၊ အယ်လ်ကိုဟော ပါဝင်သည့် ရေမလို လက်သန့်ဆေးရည် (Hand Sanitizer)များနှင့် လက်အိတ် (Glove)များကို မဲဆန္ဒရှင်များအား ဖြန့်ဝေပါက ရွေးကောက်ပွဲ ကုန်ကျစရိတ်တွင် ထည့်သွင်းရန် မလိုကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျန်းမာရေးပစ္စည်းများ ဖြန့်ဝေခြင်းကို ရွေးကောက်ပွဲ
ကုန်ကျစရိတ်တွင် ထည့်ရန် မလိုကြောင်းအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ
၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း
စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်
ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များ၊ ကာကွယ်ထိန်းချုပ်ရေး
နည်းလမ်းများ၊ ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရန်ကိုလည်း
အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
.
ရွေးကောက်ပွဲ
ကိုယ်စားလှယ်သည် ငွေစာရင်းစာအုပ်တွင် ရွေးကောက်ပွဲအတွက် ကုန်ကျ စရိတ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၏
ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေဖြင့် သော်လည်းကောင်း၊
ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ
အစုအဖွဲ့များက ဖြစ်စေ တရားဝင် ရရှိထားသော ငွေကြေးများထဲမှ
ထည့်ဝင်လှူဒါန်းသောငွေဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာပါတီ အဖွဲ့အစည်းက
ထောက်ပံ့သည့် ငွေဖြင့်သော် လည်းကောင်း ကျခံပြီးသည့် ကုန်ကျစရိတ်များနှင့်
လွှတ်တော်ကိုယ်စားလှယ်က ပေးရန် ကျန်ရှိသေးသည့် အသုံး စရိတ်ငွေများအား မှန်ကန်စွာ
ရေးသွင်းရမည်ဟု သက်ဆိုင်ရာ
လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၅ ၊ ၅၆ နှင့် နည်းဥပဒေများတွင် ဖော်ပြ ပါရှိသည်။