ညောင်ရွှေ၊ ရွာငံနှင့် လားရှိုးတို့တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေ၊ ရွာငံနှင့် လားရှိုးတို့တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

ညောင်ရွှေမြို့နယ်၊ ရွာငံမြို့နယ်နှင့် လားရှိုးမြို့နယ်တို့၌ စက်တင်ဘာလ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာအုပ်စု၊ ရွာကြီးထက် ကျေးရွာနေ ကျော်ခိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် နေအိမ်မှ ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁ ဒသမ ၇၅ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး ပေါ်ပေါက်ချက်အရ နေ့လယ်ပိုင်း၌ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုး-ကြည်းထက်လမ်းတွင် ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ကျေးရွာနေ နိုင်လင်း(ခ)ရွှေတိုး စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀ ပြားနှင့် ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (စုစုပေါင်း ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၅၀ သိန်း) အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



 

ထို့အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းစက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မိုင်းပန်မြို့နယ်၊ လွိုင်တိုင်းလျန်း ကျေးရွာနေ စိုင်းစိန် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၇၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၀၀ သိန်း)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် လားရှိုးမြို့နယ်၊ နမ့်ပေါင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာနေ ဒေါ်အေးငွေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းရှိ ပီနံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀၀ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

.


အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Journal Download

Photo of three cats