COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၅၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၃ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ စာရင်းချုပ်အဖြစ် မန္တလေးတိုင်းဒေသကြီးမှ ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၃၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၉ ဦး၊ မွန်ပြည်နယ်မှ ၂ ဦးနှင့် ရှမ်းပြည်နယ်မှ ၁ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ရှမ်းပြည်နယ်မှ အတည်ပြုလူနာသည် လွိုင်လင်မြို့နယ်မှ ဖြစ်ကာ ပြည်ပမှ ပြန်လာသူ ဖြစ်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ အသွားအလာ ကန့်သတ်ထားသူ ဖြစ်သည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့ဆေးရုံများတွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၁၂၇ ခုအနက် ၅၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၃ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၁၁၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၅၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
