စိုင်းသိင်္ခသူ
.
ကလောမြို့နယ်၊ အောင်ပန်းမြို့ဧရိယာအတွင်း၌
တပ်ဆင်ထားသည့် ဖုန်းတာဝါတိုင်များမှ သုံးစွဲပြီး ဘက်ထရီအိုး အဟောင်းများ
အခိုးခံရသဖြင့် အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း
အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
“ ပျောက်တာကတော့ တစ်လလောက် ရှိနေပြီ မနေ့က (စက်တင်ဘာ
၉)ရက်မှာ အမှု လာဖွင့်တယ်။ ဒီဈေးကွက်က ဒီမြို့မှာတော့ မရှိနိုင်ဘူး၊ အဝေးကိုပဲ
သယ်တယ်လို့ ယူဆတယ်။ စုံစမ်းနေပါတယ်။” ဟု
အောင်ပန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းထိုက်ထွန်းက ပြောသည်။
.
အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ အနီးရှိ
ဖုန်းတာဝါတိုင် ၂ ခုမှ ဩဂုတ်လ ၂ ရက်တွင် အသစ်လဲလှယ်ရန် ဖြုတ်ထားသည့် ဘက်ထရီအိုး
အဟောင်း ၅၈ လုံး (ကာလတန်ဖိုး ကျပ်သိန်း ၁၆၉၀၀၀၀၀)ကို သြဂုတ်လ ၂၃ ရက်က သွားရောက် သယ်ဆောင်စဉ်
သိမ်းဆည်းထားသည့်
နေရာ၌ မရှိတော့ဘဲ ခိုးခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်
ရဲစခန်းသို့
ကုမ္ပဏီတာဝန်ရှိသူမှ စက်တင်ဘာလ ၉ ရက်တွင် တိုင်ကြားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘက်ထရီအိုး
အဟောင်းများ အခိုးခံရမှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းမှ
(ပ) ၁၅၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား
ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။