ရွှေရည်ဦး
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးတောရကျောင်းအနီးရှိ
ကြိုးပြင်ကာကွယ်တော ဧက ၁၄၀၀ အား သစ်တော ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက
ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံး သတ်မှတ်ကြေညာပေးသွားမည်ဖြစ်သည်ဟု သိရသည်။
.
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
(၁၇) ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၁) ရက်မြောက်နေ့တွင် ရွာငံမြို့နယ်မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ရွာငံ မြို့နယ်၊ မြို့ကြီးတောရ ကေလာသတောင်
ကြိုးပြင်ကာကွယ်တော ဧက ၁၄၀၀ အား အစိုးရ အသိအမှတ်ပြု ကြိုးပြင် ကာကွယ်တောအဖြစ် ဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြို့ကြီးတောရ ကျောင်းအနီးရှိ ဧက ၁၄၀၀ တွင် သဘာဝ စိမ့်စမ်းနှင့်
ရေထွက်များ ထိန်းသိမ်းရန်၊ ရှားပါး မျိုးနွယ်ဝင် မျောက်ညိုများနှင့် အခြား သားငှက်တိရစ္ဆာန်များအတွက်
နေရင်းဒေသ မပျောက်ကွယ်စေရန်နှင့် ပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းရန် ရည်ရွယ်ပြီး ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ်တွင် ကောသတောင် ကြိုးပြင် ကာကွယ်တောအဖြစ် ရည်ရွယ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု
ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားခဲ့သည်။
.
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ယင်း
ဧက ၁၄၀၀ အတွင်း ဟိန်းထက်အောင် ကုမ္ပဏီအား သတ္တုစမ်းသပ်တူးဖော်ခွင့် ပြုထားသည့်အတွက်
ကြိုးပြင်ကာကွယ်တောအဖြစ် တရားဝင် ထုတ်ပြန် ကြေညာရာတွင် ယင်း ဧက ၂၀၀ ကို ထည့်သွင်းဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကြိုးပြင်ကာကွယ်တောအဖြစ်
သတ်မှတ်မည် ဆိုပါက အားလုံး ထည့်သွင်း သုံးသပ်စဉ်းစားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
.
ရွာငံမြို့နယ်အတွင်း ကြိုးဝိုင်းကာကွယ်တော ၃၇၇၇၃၃ ဧက၊ ကြိုးပြင်ကာကွယ်တော
၃၆၈၅၅ ဧက၊ စုစုပေါင်း ၄၁၄၅၈၈ ဧက ရှိကြောင်း သိရသည်။
.