ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းလွှတ်တော် ဒုဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး အပါအဝင် ကိုယ်စားလှယ် ၁၅၁ ဦး ရှမ်းပြည်နယ်မှ ဝင်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းလွှတ်တော် ဒုဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး အပါအဝင် ကိုယ်စားလှယ် ၁၅၁ ဦး ရှမ်းပြည်နယ်မှ ဝင်ပြိုင်မည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ပြည် နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.









.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းက ယင်းပါတီမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ၁၁ နယ်နှင့် ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၈၉ နေရာနှင့် ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားမဲဆန္ဒနယ် ၄ နေရာတို့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ယခင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်သည် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၉ တွင် လည်းကောင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးသည် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်သည် ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင်လည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယခင် ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့လက်ထက်က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကျော်ညွန့်သည် ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် လည်းကောင်း၊ ဦးအောင်သူသည် ရှမ်းပြည်နယ်လွှတ်တော် လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း သည် ရှမ်းပြည်နယ်လွှတ်တော် မိုင်းဆတ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်မဲဆန္ဒနယ် နေရာပေါင်း မဲဆန္ဒနယ် ၁၁၂၉ ခု၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
.

Journal Download

Photo of three cats