စုလှိုင်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၃)၊
အောင်မြေလမ်း၊ အမှတ်(၂၂၈)ရှိ ဦးသန်းအောင်၏ နေအိမ်တွင် ဩဂုတ်လ ၃ ရက်က ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်
တန်ဖိုးရှိ စိန်၊ ရွှေထည်နှင့် ကျောက်များ ခိုးယူခံရကြောင်း သိရသည်။
.
“ ဟုတ်ပါတယ်။ အမှု ဖွင့်ထားပါတယ်။ မသင်္ကာတဲ့ သူတွေကို ခေါ်ပြီးတော့ စစ်နေပါတယ်။ ”ဟု တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး
ထက်နိုင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းနေအိမ်မှ မိသားစုဝင်များသည် နေအိမ်နှင့်
ခြံဝန်းတံခါးများအား သော့ ပိတ်၍ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့
ဝါဆိုသင်္ကန်းကပ် သွားရောက်ပြီးနောက် ပြန်လာစဉ် နေအိမ်နောက်ဖေး တံခါးသော့ ပျက်၍ တံခါး
ပွင့်နေသည်ကို တွေ့မြင်ခဲ့ရသဖြင့် နေအိမ်အတွင်း စစ်ဆေးရာ အိပ်ခန်းအတွင်း
သံသေတ္တာသော့မှာလည်း ဖျက်ဆီးခံထားရပြီး သေတ္တာအတွင်းမှ စိန်နှင့် ရွှေထည်
ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ
သိရသည်။
.
ခိုးယူခံရသည့် စုစုပေါင်း တန်ဖိုးငွေ ကျပ်
သိန်းပေါင်း တစ်သောင်းကျော် (၁၀၃၅၇
သိန်း) ခန့် စိန်နှင့် ရွှေထည်များမှာ
စိန်ဆွဲသီး ၁ ခု၊ ရွှေနားကပ် ၂ ရံ၊ စိန်နားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊
လက်ကိုင်ဖုန်း ၂ လုံးနှင့် စိန်၊ ပတ္တမြား၊ နီလာ အရောင်မျိုးစုံ
အလုံး ၂၀၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိန်၊ ရွှေထည်နှင့် ကျောက်များ ခိုးယူခံရမှုနှင့်
ပတ်သက်၍ တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ)၅၃၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ တရားခံအား ဖမ်းဆီး ရမိရေး ဆောင်ရွက်နေလျက် ရှိကြောင်း
သိရသည်။